မွန်တီနီဂရိုး၌ တောမီးများ အရှိန်ပြင်းပြင်း ဆက်လက်တောက်လောင်

မွန်တီနီဂရိုး၌ တောမီးများ အရှိန်ပြင်းပြင်း ဆက်လက်တောက်လောင်

ဇူလိုင် ၂၀ ။                ။ ဥရောပနိုင်ငံများ၌ လောင်ကျွမ်းနေသောတောမီးကို ပေါ်တူဂီနိုင်ငံနှင့် ခရိုအေးရှားတို့၌ ထိန်းချုပ်ငြိမ်းသတ်နိုင်ပြီ ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သော မွန်တီနီဂရိုးမှ မီးသတ်သမားများသည် အရှိန်ပြင်းပြင်းတောက်လောင် နေသော တောမီးကို အေဒရီရာတစ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဗုဒ္ဓဟူးနေ့၌ ဆက်လက် ငြိမ်းသတ်နေကြ သည်။

“ ယူကရိန်းကလာတဲ့ မီးသတ်လေယာဉ်တွေနဲ့ ပူးပေါင်းငြိမ်းသတ်ဖို့ ကျနော်တို့လုပ်ဆောင်နေပါတယ်။ မီးကို ဆက်လက်မပျံ့နှံ့အောင် ဒီနေ့မှာပဲ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မွန်တီနီဂရိုး မီးသတ်တပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဇိုရန်ဘာဘစ်က ဒေသတွင်း သတင်းဌာနများသို့ ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ရက်က မွန်တီနီဂရိုးသည် တနင်္ဂနွေနေ့အနှောင်းပိုင်းကတည်းက ဖြစ်ပွားခဲ့သော တောမီးကို ငြိမ်းသတ်ရန်အတွက် နိုင်ငံတကာမှ အကူအညီများတောင်းခံခဲ့သည်။ ထို့ကြောင့် ဆွစ်ဇာလန်နှင့် ဘူဂေးရီးယား နိုင်ငံတို့မှ ရဟတ်ယာဉ်များ ပို့ပေးခဲ့ပြီး အစ္စရေးနိုင်ငံမှလည်း မီးသတ်လေယာဉ်များဖြင့် အကူအညီပေးခဲ့သည်။

ဘော်လ်ကန်နိုင်ငံအတွင်းရှိ အနည်းဆုံး ၁၅နေရာခန့်တွင် မီးများဆက်လက်လောင်ကျွမ်း နေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ပြောကြားခဲ့သည်။

ခရိုအေးရှားနိုင်ငံ Split မြို့၏ မီးသတ်ဌာနမှ အကြီးအကဲဖြစ်သူ အိုင်ဗန်ကိုဗာစီဗစ်က “ကျနော်တို့မီးကို ငြိမ်းသတ်နိုင်ပြီလို့ မပြောနိုင်သေးပေမယ့် မပျံ့နှံ့အောင်တော့ ထိန်းချုပ်နိုင်ပါပြီ။ လူတွေနဲ့ အဆောက်အဦတွေအတွက် အန္တရာယ်မရှိတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ခရိုအေးရှား မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်သူအရာရှိကြီး ဆလက်ဗ်ကိုတူကာကိုဗစ်က တောမီးသည် လျှပ်စစ်ဓာတ်အားလိုင်းမှ ကျလာသော မီးပွားများကြောင့် တောက်လောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် အကြောင်းရင်းကို သေချာသိရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

သို့သော်လည်း မွန်တီနီဂရိုးနိုင်ငံအတွင်း၌ တောက်လောက်နေသော တောမီးမှာ မည်သည့်အကြောင်းရင်း ကြောင့် ပေါ်ပေါက်လာသလဲဆိုတာ ရှင်းရှင်းလင်းလင်းမပြောနိုင်သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly