ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီနှင့် စူပါအေးဂျင့် ရွိုင်အိုလာတို့ လက်တွဲ

ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီနှင့် စူပါအေးဂျင့် ရွိုင်အိုလာတို့ လက်တွဲ

ဇူလိုင် ၂၀၊ ပြင်သစ် ။            ။ ပီအက်စ်ဂျီကွင်းလယ်ကစားသမား မာကိုဗာရက်တီသည် သူ၏ အေးဂျင့် ဒိုနာတိုဒီကမ်ပလီနှင့်လမ်းခွဲလိုက်ပြီး စူပါအေးဂျင့် ရွိုင်အိုလာနှင့် လက်တွဲလိုက်ပြီ ဖြစ်သည်။

အေးဂျင့် ဒီကမ်ပလီက ဗာရက်တီသည် ပီအက်စ်ဂျီအသင်းတွင် ထောင်သားတစ်ဦးကဲ့သို့ဖြစ်နေကြောင်း ဝေဖန်ပြောဆိုခဲ့ပြီးနောက် ဗာရက်တီနှင့်ပီအက်စ်ဂျီအသင်းတို့အကြား မပြေလည်မှုများ   ဖြစ်ပွားခဲ့ရသည်။ ထို့ကြောင့် ဗာရက်တီက ပီအက်စ်ဂျီအသင်းနှင့်ပရိသတ်များကို ပြန်လည်တောင်းပန်ခဲ့ပြီး အေးဂျင့် ဒီကမ်ပလီနှင့် လမ်းခွဲလိုက်ခြင်းဖြစ်သည်။

စူပါအေးဂျင့် ရွိုင်အိုလာနှင့် လက်တွဲလိုက်ပြီဖြစ်ကြောင်းကို ဗာရက်တီက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

‘အားလုံးကို သိစေအပ်ပါတယ်။ အခုအချိန်ကစပြီး ကျွန်တော့်ရဲ့အားကစားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်မှန်သမျှအားလုံးကို မစ္စတာမီနိုရွိုင်အိုလာတစ်ဦးတည်းက တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီနေ့အထိ ကျွန်တော့်အတွက် အကောင်းဆုံးအလုပ်လုပ်ဆောင်ပေးခဲ့တဲ့ ရှေ့နေဒီကမ်ပလီကို ကျေးဇူးတင်ပါတယ်’ ဟု ဗာရက်တီက ရေးသားခဲ့သည်။

စူပါအေးဂျင့်ရွိုင်အိုလာသည် ပေါ့ဂ်ဘာ၊ လူကာကူနှင့် အီဗရာဟီမိုစ်တို့ကဲ့သို့ နာမည်ကျော်ကစားသမားများ၏ အေးဂျင့်ဖြစ်သည်။ ပေါ့ဂ်ဘာနှင့်လူကာကူတို့၏ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့များဖြစ်လာအောင်  ဆောင်ရွက်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

လက်ရှိတွင် ဗာရက်တီနှင့်ပီအက်စ်ဂျီတို့၏စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ရှိနေသေးပြီး အီတလီကွင်းလယ်ကစားသမားက ပီအက်စ်ဂျီတွင်သာ ဆက်လက်ကစားသွားလိုကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly