ပြင်သစ်သမ္မတနှင့် အချင်းများပြီး နုတ်ထွက်သွားသည့် ကာကွယ်ရေးဦးစီးချုပ်နေရာ အစားထိုးခန့်အပ်

ပြင်သစ်သမ္မတနှင့် အချင်းများပြီး နုတ်ထွက်သွားသည့် ကာကွယ်ရေးဦးစီးချုပ်နေရာ အစားထိုးခန့်အပ်

ပါရီ၊ ဇူလိုင် ၂၀ ။                   ။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဘတ်ဂျတ်လျှော့ချမှု ကိစ္စရပ်တွင် အချင်းများပြီးနောက် ကာကွယ်ရေးဦးစီးချုပ် ရာထူးက နုတ်ထွက်သွားသည့် ဗိုလ်ချုပ်ကြီး ပီယားဒီဗီလီယေ့စ်နေရာတွင် အသက် ၅၅ အရွယ် ဗိုလ်ချုပ်ကြီး ဖရန့်ဆွာလီကွိုင်းထရီအား ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ဇူလိုင် ၁၉ ရက်တွင် အစားထိုးခန့်အပ်သည်။

ဗိုလ်ချုပ်ကြီး ဖရန့်ဆွာလီကွိုင်းထရီသည် မာလီတွင် အီးယူစစ်တပ် စစ်သင်တန်းလေ့ကျင့်ရေးမစ်ရှင်တွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ဗီလီယေ့စ် ရုတ်တရက် နုတ်ထွက်ပြီးနောက် နာရီပိုင်းအတွင်း ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရခြင်းဖြစ်သည်။

စစ်တပ်အတွင်း သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုခံရသည့် လီကွိုင်းထရီအား ဇူလိုင် ၁၉ ရက်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းကို ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာ ကာစတန်နာက အတည်ပြုသည်။

သို့သော် ၄င်းအား ခန့်အပ်ချက်ကို ဇူလိုင် ၂၀ ရက် ကက်ဘိနက်အစည်းအဝေးအပြီးမှ တရားဝင်အတည်ပြုနိုင်မည်ဖြစ်သည်။

လီကွိုင်းထရီသည် ၁၉၉၀ ဘယ်ကန့်စစ်ပွဲများအတွင်း ဆာရာဂျေဗို၌ တာဝန်ထမ်းဆောင်ခဲ့သလို မကြာသေးမီကလည်း အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် ကူညီသည့် မာလီက စစ်ရေးမစ်ရှင်များတွင် ဦးဆောင်ခဲ့သူဖြစ်သည်။

ကာကွယ်ရေးအသုံးစရိတ် ဖြတ်ချခြင်းနှင့် ပတ်သက်ကာ သမ္မတ မက်ခရွန်နှင့် အခြေအတင် အငြင်းပွားပြီး ဗိုလ်ချုပ်ကြီး ပီယားဒီဗီလီယေ့စ် ကာကွယ်ရေးဦးစီးချုပ် ရာထူးက နုတ်ထွက်သွားသည့် အခြင်းအရာသည် အသက် ၃၉ နှစ်အရွယ် သမ္မတ မက်ခရွန်အတွက် နိုင်ငံအား ဦးဆောင်နိုင်မှုအပေါ် ဦးဆုံးစမ်းသပ်ချက်လည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly