လေဆင်နှာမောင်းတိုက်ခတ်၍ ကျောင်းတစ်ဆောင်နှင့် နေအိမ်များပျက်စီး

လေဆင်နှာမောင်းတိုက်ခတ်၍ ကျောင်းတစ်ဆောင်နှင့် နေအိမ်များပျက်စီး

ပေါက်တော၊ ဇူလိုင် ၂၀ ရက်။                  ။ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့်အတွက်  ပေါက်တောမြို့နယ် သပြေကန် ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ် တစ်ဆောင်နှင့် လူနေအိမ်အနည်းဆုံး ငါးဆောင်ခန့် ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါလေဆင်နှာမောင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်မိုးဦးရာသီက ဆောက်လုပ်ပြီးစီးခဲ့သည့် ကျေးရွာစာသင်ကျောင်းဆောင်သစ်မှာ ခေါင်မိုးတစ်ခုလုံးနှင့် မျက်နှာကျက်များ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လေမုန်တိုင်းက ပြင်းတဲ့နေရာမှာပြင်းတယ်။ အားပျော့တဲ့နေရာမှာ ပျော့တယ်။ လုံးဝပျက်စီးသွားတဲ့ အိမ်က ငါးဆောင် လောက်ရှိတယ်။ ကျောင်းကတော့ အပေါ်ပိုင်းတစ်ခုလုံး ပျက်စီးသွားတာပါ။   ကျောင်းသားတွေကိုတော့ ကျောင်းဆောင် ဟောင်းမှာပဲ စာသင်နေတာဖြစ်ပါတယ်။”ဟု သပြေကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်ကပြောသည်။

ပြိုပျက်သွားခဲ့သည့်ကျောင်းဆောင်သစ်မှာ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရ ရန်ပုံငွေကျပ်သိန်း ၄၀၀ ကျော် ဖြင့် ဇွဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကျောင်းဆောင်တွင် ကျောင်းသားများပညာ သင်ကြားခွင့် မပြုရသေးကြောင်းနှင့် လေမုန်တိုင်း မတိုက်မီအချိန်ကတည်းက ခေါင်မိုးများမှာ သူ့အလိုလိုပြုကျလျှက် ရှိနေခဲ့ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

“အဆောက်အဦတွေနဲ့ နေအိမ်တွေပဲ ပျက်စီးသွားတာပါ။ လူအသေအပျောက်တော့မရှိပါဘူး။  လောလောဆယ်မှာ တော့ နေအိမ်ပျက်စီးသွားတဲ့သူတွေကို ကူညီထောက်ပံ့တာတွေလည်း မလုပ်ရသေးဘူး။ ဒီမနက်မှ ဌာနဆိုင်ရာတာဝန် ရှိသူတွေ စစ်ဆေးဖို့လာနေတယ်လို့ သိရပါတယ်။”ဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် နေအိမ်ပျက်စီးသွားသည့် လေဘေးဒုက္ခသည်များမှာ ကျေးရွာမှစီစဉ်ဆောင်ရွက်ပေးမှုများမရှိသည့်အတွက် ဆွေမျိုးအိမ်များတွင် ယာယီနေထိုင်လျှက်ရှိကြောင်းသိရသည်။

လေမုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့သည့် ကျောင်းဆောင်အရွယ်အစားမှာ အလျား ၉၀ ပေ၊ အနံ၃၀ ပေရှိပြီး မြေထိုင်တစ်ထပ်ကျောင်းဆောင်ဖြစ်ကာ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်   ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly