သမ္မတဟောင်းလူလာ၏ ဘဏ်စာရင်းနှင့်ပိုင်ဆိုင်မှုများကို ဘရာဇီးတရားသူကြီးများ ရုံးမိန့်ဖြင့်ပိတ်သိမ်း

သမ္မတဟောင်းလူလာ၏ ဘဏ်စာရင်းနှင့်ပိုင်ဆိုင်မှုများကို ဘရာဇီးတရားသူကြီးများ ရုံးမိန့်ဖြင့်ပိတ်သိမ်း

ဇူလိုင် ၂၀ ။                                ။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးများကို ဦးဆောင်ပြုလုပ်နေသော ဘရာဇီးတရားသူကြီးများသည် လာဘ်စား မှုဖြင့် ပြီးခဲ့သောအပတ်က ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ဘရာဇီးသမ္မတဟောင်း လုဇ်အင်နာစီယိုလူလာဒါ ဆေးလ်ဗား၏ ဘဏ်စာရင်းနှင့်ပိုင်ဆိုင်မှုများကို ပိတ်သိမ်းရန်အမိန့်ပေးခဲ့ကြသည်။

ဂျူရီတရားသူကြီးအဖွဲ့ထံတွင် အသနားခံစာတင်ရန် အခွင့်အရေးကျန်ရှိနေသေးသော လူလာက သူသည် မည်သည့်အမှားမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သလို လာမည့်နှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက် ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံရေးလောကထဲ ခြေချဝင်ရောက်ဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားသူကြီး ဆာဂျီယိုမိုရိုက လူလာသည် ကမ်းခြေနဘေးရှိ ဇိမ်ခံတိုက်ခန်းတစ်ခုနှင့် အမေရိကန်ဒေါ်လာ ၁.၁ သန်းကို ဘရာဇီး၏အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီစုကြီး Odebrecht SA ထံမှ လာဘ်ငွေအဖြစ်ရယူခဲ့သော ကြောင့် သူ၏ပိုင်ဆိုင်မှုများကို ယခုလိုပိတ်သိမ်းရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဗုဒ္ဓဟူးနေ့က တရားရုံးမှထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများအရ လူလာ၏ပိုင်ဆိုင်မှု ပစ္စည်းများနှင့် ဘဏ်စာရင်းများရှိ အမေရိကန်ဒေါ်လာ ၄.၃ သန်းခန့်ကိုပါ ထပ်မံပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဒါ့အပြင် တိုက်ခန်း ၃ခန်း၊ ယာဉ်နှစ်စီးနှင့် ဒေါ်လာ ၁၉၀၀၀၀ခန့် ထည့်သွင်းထားသော နောက်ထပ်စာရင်းနှစ်ခု ကို သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။

လူလာ၏ရှေ့နေများက တရားရုံး၏ဆုံးဖြတ်ချက်သည် တရားမဝင်ဖြစ်ကြောင်းနှင့် သမ္မတဟောင်းနှင့် သူ၏ မိသားစု၏ ထမင်းအိုးကိုရိုက်ခွဲခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြကာ ထိုအမိန့်ကို ပြန်လည် စောဒကတက်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly