ဂျေရုဆလင်က ဗလီတွင် သတ္တုရှာဖွေရေး ကိရိယာ ထားရှိ၍ အစ္စရေးစစ်သားများနှင့် မွတ်စလင်ဝတ်ပြုသူများကြား ထိပ်တိုက်တွေ့

ဂျေရုဆလင်က ဗလီတွင် သတ္တုရှာဖွေရေး ကိရိယာ ထားရှိ၍ အစ္စရေးစစ်သားများနှင့် မွတ်စလင်ဝတ်ပြုသူများကြား ထိပ်တိုက်တွေ့

ဂျေရုဆလင်၊ ဇူလိုင် ၂၀ ။                   ။ ဂျေရုဆလင်အရှေ့ပိုင်းရှိ အထင်ကရ al-Aqsa ဗလီတွင် အစ္စရေးတို့၏ လုံခြံုရေးတင်းကြပ်မှုများကြောင့် မွတ်စလင်ဝတ်ပြုသူများနှင့် အစ္စရေးစစ်သားများကြား ထိပ်တိုက်တွေ့မှုများ ပေါ်ပေါက်လျက်ရှိသည်။

အဆိုပါ ဗလီရှိရာ အရပ်ဖြစ်သော ခရစ္စယာန်၊ ဂျူးနှင့် အစ္စလာမ်ဘာသာကြီးသုံးရပ် နှစ်ပေါင်းထောင်ချီကာ အထွဋ်အမြတ်ထားသော ဂျေရုဆလင်မြို့ဟောင်းရှိ Temple Mount မြင့်မြတ်နယ်မြေတွင် တိုက်ခိုက်မှုဖြစ်၍ ရဲနှစ်ဦး သေဆုံးခဲ့ပြီးနောက် ပိတ်ထားခဲ့ရာမှ အစ္စရေးက ဇူလိုင် ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သော်လည်း လုံခြံုရေး လုပ်ထုံးသစ်များဖြင့် တင်းကြပ်လာခြင်းဖြစ်သည်။

 အစ္စရေးက ဗလီတွင် လုံခြံုရေးအခြေအနေကို ပြောင်းလဲပစ်ရန်အတွက် ဗလီထဲ ဝင်ရောက်ရာတွင် သတ္တုရှာဖွေရေး ကိရိယာဖြင့် ထောက်လှမ်းစစ်ဆေးပြီးမှ ဝင်ရောက်ခွင့် ပြုခြင်းဖြစ်ရာ ယင်းကို မွတ်စလင်များဖက်က လက်မခံဘဲ ရှိနေသည်။

အများစုသော မွတ်စလင်များက ယင်းလုပ်ရပ်ကို ဆန္ဒပြသည့် သဘောဖြင့် ဗလီထဲ မဝင်ရောက်ဘဲ အပြင်မှာပင် ဝတ်ပြုကြသော်လည်း အစ္စရေးအာဏာပိုင်များက ၄င်းဝတ်ပြုသူများအား လူစုမခံဘဲ မောင်းထုတ်ဖြိုခွဲခဲ့သည်။

အဆိုပါ ဗလီတွင် သတ္တုရှာဖွေရေးပစ္စည်းကိရိယာများ၊ ကင်မရာများအပါအဝင် လုံခြံုရေးစနစ်သစ်များ ထားရှိကာ တင်းကြပ်ထားခြင်းကြောင့် မွတ်စလင်ဝတ်ပြုသူများက လက်သင့်မခံဘဲ ငြင်းဆန်ခြင်းဖြစ်သည်။

“အစ္စရေး အစိုးရအစိုးရရဲ့ ခုလို ပြောင်းလဲပြဌာန်းတဲ့ လုံခြံုရေးတင်းကြပ်မှုကို ကျွန်တော်တို့ ငြင်းပယ်တယ်။”ဟု Al-Aqsa ဗလီဆရာ ရှိတ်အိုမာက သတင်းထောက်များအား အပြင်ဖက်တွင် ပြောသည်။

“ဒီသတ္တုရှာဖွေရေးပစ္စည်းကိရိယာတွေ မဖယ်ရှားပေးသရွေ့ ကျွန်တော်တို့ ဒီထဲကို ဝင်ရောက်ကြမှာ မဟုတ်ဘူး။”ဟု ၄င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly