ရန်ကုန်တက္ကသိုလ်တက်ရန် ၀င်ခွင့်စာမေးပွဲဖြေဆိုရမည့်သတင်း မဟုတ်မှန်

ရန်ကုန်တက္ကသိုလ်တက်ရန် ၀င်ခွင့်စာမေးပွဲဖြေဆိုရမည့်သတင်း မဟုတ်မှန်

ရန်ကုန်၊ ဇူလိုင် ၁၈ ။            ။ လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူခွင့် လျှောက်ထားမည့် ကျောင်းသားကျောင်းသူများကို ၀င်ခွင့်စာမေးပွဲ ဖြေဆိုရမည့်စနစ်ဖြင့် စိစစ်ရွေးချယ်မည်မှာ မဟုတ်မှန်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

“၀င်ခွင့်စာမေးပွဲ ဖြေဆိုရမယ်ဆိုတာ မဟုတ်ပါဘူး။ အရင်လို တက္ကသိုလ်ဝင်တန်းစာမေးပွဲက ရမှတ်တွေနဲ့ပဲ စိစစ်သွားမှာပါ”ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အတည်ပြု ပြောသည်။

University of Yangon- Center of Excellence ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခွင့်လျှောက်ထားမည့်ကျောင်းသားကျောင်းသူများအနေနှင့် ၀င်ခွင့်စာမေးပွဲ   ဖြေဆိုရမည်ဖြစ်သည် ဟု ဇူလိုင်လ ၁၈ရက်နေ့၊ ညနေ ၄ နာရီခန့်က ရေးသားဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး မမှန်ကန်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆရာတစ်ဦးဖြစ်သည့် ဒေါက်တာကျော်နိုင်ကလည်း မည်သို့ပင် ကျောင်း၏ ဖေ့ဘွတ်စာမျက်နှာဖြစ်နေစေကာမူ အဆင့်မြင့်ပညာဦးစီးဌာနမှ တရားဝင်အကြောင်းကြားစာ မထွက်မချင်း မယုံကြည်သင့်ကြောင်း သူ့အမြင်ကို ပြောသည်။

၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အောင်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်များအလိုက် ၀င်ခွင့်အမှတ်များကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly