ခရိုအေးရှား၊ ပေါ်တူဂီအပါအဝင် ဥရောပ နိုင်ငံငါးနိုင်ငံတွင် တောမီးများ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေ

ခရိုအေးရှား၊ ပေါ်တူဂီအပါအဝင် ဥရောပ နိုင်ငံငါးနိုင်ငံတွင် တောမီးများ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေ

ဇူလိုင် ၁၉ ။             ။ ခရိုအေးရှား၊ မွန်တီနီဂရိုး နိုင်ငံတို့၏ Adriatic ဒေသတစ်လျှောက် လောင်ကျွမ်းနေသည့် တောမီးများကို မီးသတ်သမားများ အပြင်းအထန် ငြိှမ်းသတ်နေရလျက်ရှိသည်။ တစ်ချိန်တည်းမှာတွင်လည်း အီတလီ၊ ပြင်သစ် နှင့် ပေါ်တူဂီ တို့တွင်လည်း အလားတူ တောမီးလောင်ကျွမ်းမှုများ ရှိနေသည်။

ခရိုအေးရှားတို့၏ အထင်ကရ ခရီးသွားမြို့ Split အနီးဝန်းကျင် ကျေးရွာများထိ ဇူလိုင် ၁၆ ရက်နောက်ပိုင်းက တောမီးများ ပြန့်နှံ့လာခဲ့ပြီးနောက် မီးသတ်သမားများက အသည်းအထန် ထိန်းချုပ်ငြိှမ်းသတ်ခဲ့ရသည်။ ဇူလိုင် ၁၇ ရက်ကလည်း တောမီးများက အဆိုပါ မြို့ ဆင်ခြေဖုံးအရပ်များထိ ပြန့်နှံ့လာခဲ့သဖြင့် မြို့တွင်းရှိ စျေးဝယ်စင်တာတစ်ခုကို ရှင်းလင်းပြောင်းရွှေ့ပေးခဲ့ရပြီး ကားအများအပြားလည်း မီးထဲ ပါသွားခဲ့သည်ဟု သိရသည်။

အဆိုပါ တောမီးများကြောင့် ယင်းမြို့၏ အစိတ်အပိုင်းတစ်ချို့ လျှပ်စစ်မီး၊ သောက်သုံးရေ ပြတ်လပ်မှုများ ရှိနေကြောင်း သိရပြီး အခြေအနေကို ထိန်းချုပ်ရန် ၀န်ကြီးချုပ် Andrej Plenkovic လည်း ရောက်လာခဲ့သည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် အိမ်နီးချင်း မွန်တီနီဂရိုးတွင်လည်း တောမီးများ ကူးစက်လောင်ကျွမ်းမှုကြောင့် လူအမြောက်အမြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အခြေအနေမှာ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က အကောင်းဘက်သို့ ဦးတည်လာခဲ့ကြောင်း သိရသည်။

အီတလီတွင်လည်း ရောမမြို့ပြင် နာမည်ကျော် ဥယျာဉ်တစ်ခုတွင် တောမီးတစ်ခု လောင်ကျွမ်းခဲ့ပြီး ယင်းကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ယင်းနိုင်ငံ   တောင်ပိုင်းဒေသတွင် လောင်ကျွမ်းနေသော တောမီးများကို ကြိုးစားငြိမ်းသတ်နေရဆဲဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်က တစ်ဦး သေဆုံးသွားခဲ့သည်။

လေပြင်းထန်မှု၊ အပူချိန်မြင့်တက်မှု၊ ရာသီဥတုပူပြင်းခြောက်သွေ့မှုတို့ကြောင့် ပြီးခဲ့သည့် ရက်များက ပြင်သစ်နိုင်ငံတွင်လည်း တောမီးများ လောင်ကျွမ်းနေခဲ့သည်ဟု သိရသည်။ Nice မြို့ မြောက်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီးများကို မီးသတ်သမား ၄၅၀ ကျော်ဖြင့် ယခုထက်ထိ ငြိှမ်းသတ်နေရဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းတွင် ငါးရက်ကြာလောင်ကျွမ်းခဲ့သော တောမီးကို အပြင်းအထန် ငြိှမ်းသတ်ခဲ့ရပြီး ယင်းတောမီးကြောင့် လူပေါင်း ၆၄ ဦး သေဆုံးကာ ၂၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်အထိ ဆိုးရွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly