အာဇာနည်များ ကိုယ်ရေးအကျဉ်း

အာဇာနည်များ ကိုယ်ရေးအကျဉ်း

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗိုလ်ချုပ် အောင်ဆန်း

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့က နောင်တခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ မြန်မာနိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။

ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း လုပ်ခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွားစေခဲ့သော အဓိကအကြောင်းရင်း တစ်ချက် ဖြစ်သည်။ ၁၉၃၆ ခုနှစ်၊ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။

၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူတစ်ဦးလည်း ဖြစ်ပြီး၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တကသဥက္ကဋ္ဌ အဖြစ် သက်တမ်းကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်းအဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တင်မြောက်ခြင်း ခံရသည်။

သခင်အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝခုနှစ် ဩဂုတ်လအတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား မြန်မာ့မြေပေါ်မှ လက်နက်ဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန် အရာရှိ စူဇူကိကေအိချိ နှင့် အဆက်အသွယ် ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်းတစ်ရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင်များနှင့် ညှနှိုင်းခဲ့သည်။ ယင်း စီမံကိန်းအရ မြန်မာပြည်အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစ်စုသည်ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

ဂျပန်တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခုနှစ် စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံတစ်နိုင်ငံသဖွယ် သဘောထားလာကြသည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လအတွင်းမှာ  ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက် ဖွဲ့စည်းတည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလဥက္ကဋ္ဌ အဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့်၊ ပုလိပ်သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံအသစ်အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထို ကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ်အရ မြန်မာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်းဒေသနှင့် မြန်မာပြည်မ ပေါင်းစည်းရေးအတွက် အားသွန်ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေးဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် ဦးစောနှင့် အပေါင်းပါတို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

 ဒီးဒုတ် ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ်ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့က ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ဆရာ ဦးမောင်မောင်ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာသင်ယူရာ ၁ဝ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေအထက်တန်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ်ထုတ် မြန်မာ့ ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိ့ုနောက် ဒီးဒုတ်ဂျာနယ် ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရိတ် ပညာ များကိုလည်း လိုက်စားခဲ့သည်။ မြန်မာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာသီချင်းကြီး သီချင်းခန့်များကို မူမှန် အတိုင်း ဖြစ်စေရန် ဂီတဝိသောဓနိကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေ များကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးလည်း အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေး ဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးရရှိရန် ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြု ပြည်ပြုလွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီအဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။

၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှတို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောကျာ်းလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ််စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်သပိတ်တွင် ပါဝင်ခဲ့သည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သည်။

၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သောအခါ အမျိုးသားကျောင်း တွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဖဆပလအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံးခဲ့သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ၊ ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်းရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့အေဘီအမ် ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရအဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စဝ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥတို့၏ သား စဝ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန်စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ်စော်ဘွားကြီး၏ သမီး စဝ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာတန်ဆာပလာများနှင့် သီးနှံမျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသော် ယင်းနှင့်အတူပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့်သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်းစည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

နတ်မောက်မြို့ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကိုအကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက်အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲလည်း အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာအလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သချင်္ာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦးအနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေးအတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္တလေးမြို့၊ တောင်ပြင်၊ သိပ္ပံရပ် ၊ ပင်စင်စား လယ်ယာစိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက်သားဖြစ်သည်။ နဝမတန်းအထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးရသည်။

သခင်မြ (၁၈၉၇-၁၉၄၇)

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး (၁၉၄၆ စက်တင်ဘာမှ ၁၉၄၇ ဇူလိုင် ၁၉) အဖြစ် တာဝန်ယူခဲ့သည်။ မြန်မာအမည် သခင် ဆိုသည်မှာ မျိုးရိုးနာမည်မဟုတ်ဘဲ ဂုဏ်ပြုချီးမြှောက်ခြင်းအားဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။

ကိုယ်ရေးအကျဉ်း

၁၈၉၇ ခုနှစ် အောက်တိုဘာ ရ ရက်တွင် ပြည်ခရိုင် ထုံးဘိုမြို့တွင် မွေးဖွားခဲ့ပြီး  ၁၉၄၇ ဇူလိုင် ၁၉ တွင် လုပ်ကြံခံရ၍ ကွယ်လွန်သည်။ ကွယ်လွန်အချိန်တွင် အသက် ၄၉ နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံရေးပါတီ- AFPFL ဖဆပလ

ပညာရေး- BSc ၊ LLB

တက္ကသိုလ်၊ ကောလိပ်- ရန်ကုန်တက္ကသိုလ်

အလုပ်အကိုင်- ရှေ့နေ

နိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦးဖြစ်သော သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သခင်မြ နှင့် အခြား အစိုးရဝန်ကြီးများမှာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ တွင်လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့ကြသည်။ ၎င်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ဒုဝန်ကြီးချုပ်အဖြစ် လျာထားခံခဲ့ရသူလည်း ဖြစ်သည်။ ခေါင်ဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉ ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလျက်ရှိသည်။

ရန်ကုန်ရှိ သခင်မြပန်းခြံသည် လုပ်ကြံခံလိုက်ရသည့် သခင်မြအား ဂုဏ်ပြုသည့်အနေဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly