လွန်ခဲ့တဲ့ ရ၅ နှစ်အကြာကတည်းက ပျောက်ဆုံးနေခဲ့တဲ့ ဆွစ်ဇာလန်ဇနီးမောင်နှံရဲ့ အလောင်းတွေကို ရေခဲမြစ်တစ်ခုမှာ ပြန်ရှာတွေ့

လွန်ခဲ့တဲ့ ရ၅ နှစ်အကြာကတည်းက ပျောက်ဆုံးနေခဲ့တဲ့ ဆွစ်ဇာလန်ဇနီးမောင်နှံရဲ့ အလောင်းတွေကို ရေခဲမြစ်တစ်ခုမှာ ပြန်ရှာတွေ့

ဇူလိုင် ၁၉ ။            ။ လွန်ခဲ့နှစ် ၇၅ နှစ်ကြာတုန်းက ဥရောပဒေသက Alps တောင်တန်းပေါ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ ဆွစ်ဇာလန် ဇနီးမောင်နှံ နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ယခုအခါ ဆုတ်လျော့နေပြီဖြစ်တဲ့ ရေခဲမြစ်တစ်ခုမှာ ပြန်ရှာတွေ့ခဲ့ပြီ ဖြစ်တယ်ဆိုပြီး ဆွစ်ဇာလန်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

၎င်းရုပ်အလောင်းနှစ်လောင်းကိုတော့ ဆွစ်ဇာလန် တောင်ပိုင်း Diablerets တောင်ထုပေါ်က ရေခဲမြစ်တစ်နေရာမှာ နှစ်ဦးသား ဘေးချင်းယှဉ်လျက် လဲလျောင်းလှက်သား အနေအထားနဲ့   ပြန်ရှာတွေ့ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးစဉ်က ၎င်းတို့နှစ်ဦးနဲ့အတူ ပါသွားတဲ့ ကျောပိုးအိတ်တွေ၊ ရေဗူးတစ်ဗူး၊ စာအုပ်တစ်အုပ်၊ နာရီတစ်လုံးတို့ကိုလည်း ပုံမပျက်အတိုင်း ပြန်တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယခု တွေ့ရှိရတဲ့ ရုပ်အလောင်းနှစ်လောင်းကတော့ ဆွစ်မောင်နှံ Marcelin နဲ့ Francine Dumoulin တို့ဖြစ်ကြပြီး ၎င်းတို့ဟာ လွန်ခဲ့တဲ့ ၁၉၄၂ သြဂုတ်လတုန်းက Alps တောင်မှာ နွားကျောင်းသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ဇနီးမောင်နှံမှာတော့ သာသမီး ခုနစ်ဦးထိကျန်ရစ်ခဲ့ပြီး ယင်းပျောက်ဆုံးချိန်ကတည်းက ဝိုင်းဝန်းရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့်လည်း ဘယ်လိုမှ ပြန်ရှာမတွေ့ခဲ့ဘူးလို့ သိရပါတယ်။ ယခုဆိုရင် သူတို့ရဲ့ အငယ်ဆုံးသမီးဖြစ်သူတောင် အသက် ၇၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

ယခု ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကတည်းက ပြန်ရှာတွေ့ထားတာဖြစ်ကြောင်း ယင်းဒေသမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ski resort လုပ်ငန်းကုမ္ပဏီ Glacier 3000 အကြီးအကဲ Bernard Tschannen က ပြောပါတယ်။

" ဒီအလောင်းတွေက ပြီးခဲ့တဲ့ ကမ္ဘာစစ်အတွင်းက အဝတ်အစားတွေ ဝတ်ထားကြတဲ့ ယောကျ်ား၊မိန်းမ စုံတွဲတစ်တွဲပါ၊ ရေခဲတွေကြောင့် သူတို့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထိန်းသိမ်းထားသလို   ဖြစ်ခဲ့ပြီး သူတို့နဲ့အတူ ပါသွားတဲ့ ပစ္စည်းတွေလည်း ပုံမပျက်အတိုင်း ရှိနေတာဖြစ်တယ်လို့ ယူဆရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အဆိုပါရုပ်အလောင်းတွေကို တိတိကျကျ ခွဲခြားဖော်ထုတ်ဖို့ DNA စစ်ဆေးချက်တစ်ခုလည်း လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly