RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

------------------------------------

ငါဟာမော်တော်ကားတစ်စင်းပါ
ငါဟာခေတ်ဟောင်းမော်တော်ကားတစ်စင်းပေါ့
ခုတော့ဖြင့်လမ်းတွေကိုငတ်မွတ်နေရပြီ
ခရီးမိုင်တွေကိုဆာလောင်နေရပြီ
အများပြည်သူအကြည့်ရှုခံရုံသက်သက်
တိတ်ဆိတ်ငြိမ်သက်နေရပြီ ။

ဟိုအရင်ကဆို
ငါ့သခင်ကိုထမ်းပိုးလို့
ကိုးကုန်းကိုးကျင်း
ဒီတိုင်းပြည်ရဲ့တနံတလျား
သမိုင်းဝင်ခရီးတွေငါသွားခဲ့တာပေါ့ ။

ငါ့သခင်နဲ့
သူချစ်တဲ့ရဲဘော်ရဲဘက်တွေကို
သူချစ်တဲ့သူ့မိသားစုကို
သူကလည်းချစ် သူ့ကိုလည်းချစ်ကြတဲ့
မြေပြန့်တောင်ပေါ် အညာအကြေ
ပြည်သူတွေရှိရာဆီ ငါဆောင်ပို့ခဲ့ရ
ရွှေထီးဆောင်းခဲ့ရတဲ့နေ့ရက်တွေပေါ့ ။

ငါ့သခင်က
အာဂယောက်ျား အာဂခေါင်းဆောင်
တိုင်းနိုင်ငံရဲ့နှလုံးသည်းပွတ်
ကမ္ဘာကြီးကစောင့်ကြည့်ရတဲ့
တောက်ပတဲ့ကြယ်တစ်ပွင့်ပေါ့ ။

အဲသလို သခင်မွန်ကိုမှ
သူကြွေကျမယ့်တွင်းနက်ကြီးထဲ
မိုက်မိုက်မဲမဲ
အရောက်ပို့ပေးခဲ့မိတဲ့ငါ့အဖြစ်
ဘယ်လိုမှ
မဖြေသိမ့်နိုင်တဲ့အဖြစ်ဆိုးကြီးပါလေ ။

အို..
၁ ၉ ၄ ၇
အတွင်းဝန်ရုံး
အမှောင်မိုက်ဆုံးရက်တစ်ရက်
ဇူလိုင် ၁၉ ရဲ့မိုးစွေစွေမနက်ခင်း
ကျည်တစ်တောင့်မှမထိပဲနဲ့ငါ
စင်းစင်းကြီးသေဆုံးခဲ့ရပါပြီ ။

ဒီမယ်ကြည့်ကြ
တာဝါလိန်းအိမ်တော်ရှေ့
ဂိုဒေါင်ဟောင်းလေးမှာ
ဒဏ်ရာမပေါ်တဲ့ မြစ်အသေလို
ငါ့ကိုမြင်တွေ့နိုင်ပါပြီ ။

ကြားကြရဲ့လား
နှစ်စဉ် နှစ်တိုင်း
အမှောင်ဆုံးသောနေ့ရက်မှာ
မနက် ၁၀ နာရီ ၃၇ မိနစ်
ဝူစလီ*ကားတစ်စင်းရဲ့
အနက်ရောင်...
အော်သံ !

မင်းညွန့်လှိုင်

* Wolseley

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly