ဆိုးရွားသည့် ရာသီဥတုကြောင့် လေယာဉ်ပျက်ကျခဲ့ရခြင်းဖြစ်ဟု တပ်မတော် ထုတ်ပြန်

ဆိုးရွားသည့် ရာသီဥတုကြောင့် လေယာဉ်ပျက်ကျခဲ့ရခြင်းဖြစ်ဟု တပ်မတော် ထုတ်ပြန်

နေပြည်တော်(ဇူလိုင် ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျရခြင်းမှာ ဆိုးရွားသည့် ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေမရှိတော့ခြင်းကြောင့် ဖြစ်သည်ဟု ဇူလိုင် ၁၈ရက်၊ ညပိုင်းတွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

“လေယာဉ်ပျက်ကျရခြင်းသည် မသမာမှုတစ်ခုခုကြောင့်သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်း ကောင်း ၊ လေယာဉ်အင်ဂျင်ချို့ယွင်းရပ်တန့်မှုကြောင့်သော်လည်းကောင်း ပျံသန်းစဉ် ပျက်ကျရခြင်း မဟုတ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့သည့် Y-8 လေယာဉ်အမြီးပိုင်းမှ ရရှိထားသော Black Box ဟုခေါ်သည့် FDR- Flight Data Recorder နှင့် CVR-Cockpit Voice Recorder တို့မှ ရရှိသည့် အချက်အလက်များ၊ မိုးလေဝသသတင်းပေးပို့ချက်များ၏ သုံးသပ်ဖော်ထုတ်ချက်များအရ လေယာဉ်ပျက်ကျပြီး တစ်လကျော်အကြာတွင် တပ်မတော်က အထက်ပါအတိုင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စစ်သည်/မိသားစု ၁၀၈ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ဦး၊ စုစုပေါင်း ၁၂၂ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော အဆိုပါ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀) သည် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၃မိုင်ခန့်အရောက် မွန်းလွဲ ၁နာရီ ၅၅မိနစ်တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းနောက် တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ မြေပြင် တပ်များ၊ ဒေသခံငါးဖမ်း စက်လှေများနှင့် ပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဇွန် ၁၅ ရက်တွင် Black Box ဟုခေါ်သော FDR- Flight Data Recorder နှင့် CVR-Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ် အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

FDR နှင့် CVR တို့၏ မူလထုတ်လုပ်သည့် ကုမ္ပဏီ Original Equipment Manufacturer (OEM) မှာ တရုတ်နိုင်ငံဖြစ်သော်လည်း ထုတ်လုပ်သူနှင့် အသုံးပြုသူ နှစ်ဦးနှစ်ဖက်အကြား သံသယကင်းရှင်းပြီး မလိုလားသည့် ကြားခံအဖွဲ့အစည်းများ၏ သွေးထိုးမှုရှောင်ရှား နိုင်စေရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ တတိယအဖွဲ့အစည်းဖြင့် ဖော်ထုတ်ခဲ့သည်။

FDR မှတ်တမ်းများအရ ဒေသစံတော်ချိန် ၁ နာရီ ၃၂ မိနစ် ၁၈ စက္ကန့်အထိ လေယာဉ်၏ စက်အစိတ်အပိုင်းများ ချို့ယွင်းမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး FDR နှင့် CVR မှတ်တမ်းအရ မြိတ်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ခရီးလမ်း တစ်လျှောက် လေတိုက်နှုန်းသည် တစ်နာရီနော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၄ မိုင် (၈၁.၅ ကီလိုမီတာ)အထိ တဖြည်းဖြည်းအားပြင်းလာခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လေယာဉ်၏ ဝဲ/ယာနှစ်ဖက်စလုံးရှိ Pitot အပူပေးစနစ်ကိုဖွင့်၍ တိမ်ထုကို ထိုးဖောက်ရန်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၀ မိနစ် ၁၈ စက္ကန့်မှ ၁ နာရီ ၃၁ မိနစ် ၂၂ စက္ကန့်အထိ အချိန်တိုကာလအတွင်း လေယာဉ်၏ အင်ဂျင်လေဝင်ပေါက်ရေခဲသည့် အချက်ပြမီး ထွက်ပေါ်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၁ မိနစ် ၅၀ စက္ကန့် မှ ၁ နာရီ ၃၂ မိနစ် ၁၀ စက္ကန့်အတွင်း လေယာဉ်၏ ဝဲဘက်ကိုယ်ထည် ခြမ်းသို့ (Cross Wind) ၉၀ ဒီဂရီတည့်တည့်မှ ခန့်မှန်း လေတိုက်နှုန်းသည် တစ်နာရီ နော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၈ မိုင်(၈၈.၉ ကီလိုမီတာ)အထိ လေတိုက်ခတ်မှုခံခဲ့ရာ (Cross Wind) ကြောင့် လေယာဉ်ဦးတည်ရာလမ်းကြောင်းမှ သွေဖည်ခြင်း (Drift Angle) မှာ ၃ ဒီဂရီမှ ၁၅.၈ ဒီဂရီအထိ တိုးမြှင့်လာခဲ့ ကြောင်း၊ လေယာဉ်သည် ရုတ်ချည်းပြောင်းလဲနေသော ပုံမှန်မဟုတ်သည့် ရာသီဥတုတွင် ပျံသန်းခဲ့ရကာ ဘေးတိုက် လေတိုက်နှုန်းမှာလည်း အရှိန်ပြင်းသည့် အနေအထားကို တွေ့ရှိရကြောင်း၊ ၎င်းအခြေအနေသည် ပုံမှန်ရှိရမည့် ပမာဏထက် stall speed ကို ပိုမိုမြင့်တက်စေသဖြင့် လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေမရှိတော့သည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်” ဟုလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ၊ မိုးလေဝသသတင်းပို့ချက်များအရ လေယာဉ်မတော်တဆဖြစ်ပွားမှု ဖြစ်စဉ်သည် လေယာဉ်ပျံသန်းရာ၌ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရစဉ် lost control ဖြစ်ပေါ်ခဲ့မှုကြောင့် Stall (လေယာဉ်ပင့်အား ဆုံးရှုံးမှု)ဝင်၍ Spin (လေယာဉ်ဦးစိုက်လည်ကျမှု)ဖြစ်ပေါ်ခဲ့သည့်အတွက် pilot က ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိတော့ဘဲ လေယာဉ်မတော်တဆ မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ ဆိုးရွားသော ရာသီဥတုတွင် အပေါ်စီးမှ လေဖိ၍ တိုက်ခြင်း၊ အောက်မှပင့်၍ တိုက်ခြင်းနှင့် ရေခဲမှု ဖြစ်ပေါ်ခြင်းစသည့် အတိအကျမခန့်မှန်းနိုင်သော ရာသီဥတုအခြေအနေများလည်း ပါဝင်နိုင်ကြောင်း သုံးသပ်ဖော်ထုတ်ရရှိကြသည်ဟုလည်း ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly