မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများ ထောက်ပ့ံလှူဒါန်း

မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများ ထောက်ပ့ံလှူဒါန်း

မကွေး၊ ဇူလိုင်လ ၁၈ ။           ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မင်းဘူး/စကုမြို့နယ်ရှိ ဧရာဝတီမြစ်ရေ   မြင့်တက်၍ ဘေးလွတ်ကင်းရာသိ့ု ရွေ့ပြောင်းပြီးဖြစ်သော ရေဘေးပြည်သူများအား ထောက်ပံငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၁၅)ရက်နေ့ အထိ ရွှေ့ပြောင်းပြီးဖြစ်သောအိမ်ထောင်စု(၅၈၃)စု၊ လူဦးရေ(၂၁၅၉)ဦးတို့အတွက် ဆန်(၇)ရက်စာ တန်ဖိုး(၄၅၃၃၉၀၀ိ/)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးနေမျိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တာဝန်ရှိသူ တို့နှင့်အတူ ဇူလိုင်လ(၁၇)ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ဇူလိုင်လ (၁၅)ရက်နေ့အထိ ယာယီရွေ့ပြောင်းလာတဲ့ ရေဘေးပြည်သူတွေ အိမ်ထောင်စု(၅၃၈)စုအတွက် တစ်ပတ်စာ ဆန်ဆီဖိုး ကျပ် (၄၅)သိန်းကျော် ထောက်ပံ့ပေးခဲ့ပါတယ်၊   ရွှေ့ပြောင်းနေထိုင်တဲ့နေရာမှာ   သွေးလွန်တုပ်ကွေးရောဂါတွေ၊ သောက်သုံးရေ မသန့်ရှင်းမှုတွေ၊ စုပေါင်းနေထိုင်တဲ့ အညစ်အကြေးတွေ ကြောင့် ကူးစက်ရောဂါတွေမဖြစ်ပွားစေဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီတွေဖွဲ့ပြီးတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ အစီအမံနဲ့ ယာယီဆေးခန်းတွေ ဖွင့်ပေးထားပါတယ်”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

“အခုလို ထောက်ပံပေးတာတွေ မလိုချင်ပါဘူး နှစ်စဉ်ရေက ဒုက္ခပေးနေတာ ကျွန်တော်တို့ ပြည်သူတွေ လိုချင် တာက မင်းဘူးမြို့ အနိမ့်ပိုင်းတွေမှာ ရေကာတာ တည်ဆောက်ပေးစေခြင်ပါတယ်ဟု မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက်နေ ကိုထွန်းထွန်းလင်းက ပြောသည်။

မင်းဘူးမြို့ရပ်ကွက်များရှိ အနိမ့်ပိုင်းနေ ဆင်းရဲပြည်သူများမှာ နှစ်စဉ်နီးပါး ဧရာဝတီမြစ်ရေ ဝင်ရောက်ခြင်းဒဏ် ခံစားနေရကြောင်း၊ တစ်နေ့လုပ် တစ်နေ့စားပြည်သူများမှာ နှစ်စဉ် ရေဘေးကြောင့် သယ်ယူရွှေ့ပြောင်း နေထိုင်နေရသည့် အခက်အခဲများ ရှိနေကြောင်း ရေဘေးရှောင် ပြည်သူများထံမှသိရသည်။

မင်းဘူး/စကုမြို့နယ်ရှိ ရေဘေးကြောင့် ဇူလိုင်လ(၁၅)ရက်နေ့အထိ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၇)ရွာမှ အိမ်ထောင်စု(၅၃၈)စုလူဦးရေ(၂၁၅၉)ဦးအား ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးထားကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့ထံမှ သိရသည်။

“ဒီထက်ရေတက်လာလို့ ရွှေ့ပြောင်းမှုတွေ ပိုများလာမယ်ဆိုရင် ဥပမာ ကျွဲနွားတွေ၊ အိမ်ထောင်ပရိဘောဂတွေ ရွှေ့ပြောင်းဖို့ လိုအပ်လာမယ်ဆိုရင် ကူညီပေးဖို့ တိုင်းဒေသကြီးအစိုးရက မင်းဘူး/စကုမြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့ကို တာဝန်ပေးထားပါတယ်”ဟု ဝန်ကြီးဦးနေမျိုးကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly