ရခိုင်၌ အစွန်းရောက်လှုပ်ရှားမှုများမြင့်တက်နေဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆို

ရခိုင်၌ အစွန်းရောက်လှုပ်ရှားမှုများမြင့်တက်နေဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆို

ရန်ကုန် ဇူလိုင် ၁၈ ။            ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်လာနေသည်ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center-NRPC) ၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှု တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့စဉ်မှာ ဦးသောင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရဲစခန်းများတိုက်ခိုက်ခံရသော ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍ အစွန်းရောက်လှုပ်ရှားမှုများ မြင့်တက်လာပြီး လူ ၄၄ ဦးအထိ သေဆုံးခံခဲ့ရပြီး ၂၇ ဦး ပျောက်ဆုံးလျက် ရှိကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် လှုပ်ရှားမှု များ မြင့်တက်လာသည့် အထောက်အထားများ တွေ့ရှိနေရကြောင်း၊ ဇွန်လ ၂၀ ရက်နေ့တွင် မေယု တောင်တန်းပေါ်၌ လူလုပ်ဥမင်လှိုဏ်ခေါင်းများ၊ သေနတ်များနှင့် လေ့ကျင့်ရေးစခန်းတစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ယင်းအပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက ချမှတ်ခဲ့သော အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission) စေလွှတ်ရန် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက သဘောတူလက်ခံခြင်းမရှိသည့် အစိုးရ၏ ရပ်တည်ချက်ကို ထပ်လောင်း၍ ပြောကြားခဲ့သည်။ ယင်းအချက်အလက် ရှာဖွေရေးအဖွဲ့ (Fact Finding Mission) စေလွှတ်ရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်း အခြေအနေများကို ပိုမို၍ ဆိုးရွားသွားစေနိုင်သည်ဟု ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly