မန်ချက်စတာယူနိုက်တက် မိသားစုဝင်အားလုံးကို ဒီမာရီယာ ကျေးဇူးတင်စကားဆို

မန်ချက်စတာယူနိုက်တက် မိသားစုဝင်အားလုံးကို ဒီမာရီယာ ကျေးဇူးတင်စကားဆို

သြဂုတ် ၇၊ ပဲရစ်။ ။ ပီအက်စ်ဂျီအသင်းနှင့် တရားဝင်လက်မှတ်ရေးထိုးပြီးနောက်တွင် အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာက မန်ချက်စတာယူနိုက်တက်အသင်း၏ မိသားစုဝင်အားလုံးကို ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။

ဒီမာရီယာသည် ပြောင်းရွှေ့ကြေး ပေါင် ၄၄ ဒသမ ၃ သန်းဖြင့် မန်ယူမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ယခုအပြောင်းအရွှေ့သည် ၎င်းတစ်ဦးတည်း၏ ဆန္ဒကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ဘဲ မန်ယူ၊ ပီအက်စ်ဂျီနှင့် ၎င်းတို့သုံးဖက် စလုံးကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဒီမာရီယာက ပြောသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အိမ်ဖောက်ထွင်းခံရပြီးနောက်တွင် ၎င်းနှင့် မိသားစုဝင်များမှာ မန်ချက်စတာမြို့တွင် မတည်မငြိမ်နှင့် မပျော်မရွှင်ဖြစ်ခဲ့ရကြောင်းလည်း ဒီမာရီယာက အရိပ်အမြွက်ပြောဆိုခဲ့သည်။

'မန်ယူအသင်းမှာ ကစားခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကျွန်တော့်ကို ဝိုင်းဝန်းကူညီအားပေးခဲ့ကြတဲ့ မန်ချက်စတာမိသားစုဝင်တွေအားလုံးအတွက် ဒီစာကို ရေးရတာ ဖြစ်ပါတယ်။

မန်ယူမှာ ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဘောလုံးဆိုတာက သင်္ချာလို ပုံသေနည်းနဲ့ တွက်လို့ရတာ မဟုတ်ပါဘူး။ မကြာခဏဆိုသလို အကြောင်းအရာများစွာက ကျွန်တော်တို့ကို ရိုက်ခတ်ပြီး မတည်မငြိမ်ဖြစ်စေပါတယ်။ ခမ်းနားကြီးကျယ်လှတဲ့ မန်ယူအသင်းအတွက် အကောင်းဆုံးမလုပ်ပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။

ကျွန်တော့်ကို ထောက်ခံအားပေးခဲ့တဲ့ အသင်းဒါရိုက်တာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ဝန်ထမ်းအားလုံးနဲ့အသင်းဖော်တွေကို အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ သီးခြားစပါယ်ရှယ်ကျေးဇူးတင်ကြောင်းပြောလိုတာက မန်ယူပရိသတ်တွေကိုပါ။ သူတို့ဟာ ကျွန်တော့်ကို ချစ်ခင်လေးစားကြပြီး အမြဲတမ်းပဲ ယုံကြည်ပေးခဲ့ကြသူတွေဖြစ်ပါတယ်။

အခုအချိန်ကတော့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ရမယ့် အချိန်ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ ဂလိုရီမန်ချက်စတာယူနိုက်တက်ကလပ်ဆိုတာ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ အမြဲရှိနေမှာပါ' ဟု ဒီမာရီယာက ရေးသားခဲ့သည်။

ဒီမာရီယာသည် ပီအက်စ်ဂျီအသင်းတွင် ကျောနံပါတ် ၁၁ ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး မိုဗစ်ချ်၊ လူးဝစ္စ၊ ဆေးလ်ဗား၊ ကာဗာနီ၊ လာဗက်ဇီ၊ ပက်စတိုရီ၊ မာကွင်ဟို၊ မိုရာ စသည့် နာမည်ကျော်ကစားသမားများနှင့်တွဲဖက်ကစားရမည် ဖြစ်သည်။

ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်တွင် ဒီမာရီယာက 'ကျွန်တော်ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ဇနီးနဲ့ကလေးက ပဲရစ်မြို့မှာ ပျော်ရွှင်လိမ့်မယ်ဆိုတာ သိနေလို့ပါ' ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly