အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် AGD ဘဏ်တို့ ပူးပေါင်းပြီး Cashless စနစ်ကို ဖော်ဆောင်မည်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် AGD ဘဏ်တို့ ပူးပေါင်းပြီး Cashless စနစ်ကို ဖော်ဆောင်မည်
ဓာတ်ပုံ-ထက်ထက်နိုင် မဇ္ဈိမ

ရန်ကုန်၊ဇူလိုင် ၁၈ ။                ။ လာမည့် ပညာသင်နှစ်မှစတင်ပြီး အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC)မှ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် AGD ဘဏ်နှင့် ပူးပေါင်းပြီး ကျောင်းလခ ပေးသွင်းရာ၌ ငွေသားမဲ့ Cashless စနစ်ကို စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

ပြီးခဲ့သည့် မေလပိုင်းက ကျောင်းအပ်နှံငွေပေးသွင်းရာတွင် ငွေစက္ကူတစ်သောင်းတန် ကောလဟာလများ ထွက်ပေါ်မှုကြောင့် ကျောင်းအပ်ရာတွင် တစ်သောင်းတန်  ငွေစက္ကူနံပါတ်များကို အတိအကျ ရေးသွင်းရခြင်း၊ အဆိုပါ ငွေစက္ကူအတွက် လက်မှတ်ထိုးရခြင်းတို့ လုပ်ခဲ့ရသည့်အပေါ် ကျောင်းသားများက မနှစ်သက်ခဲ့ကြကြောင်းဟု ကျောင်း၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဝင်ရောက် ရေးသားခဲ့ကြသည်။ အဆိုပါဖြစ်ရပ်များအပြီး Cashless စနစ်ကို ဖော်ဆောင်ရန် AGD ဘဏ်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျောင်းအပ်တဲ့နေရာမှာ တခြားငွေသွင်းတဲ့စနစ်ကိုသုံးမယ်ဆိုရင် ကျောင်းသားတွေကိုလည်း Service Charges (ဝန်ဆောင်ခ)ကို မပေးစေချင်သလို ကျောင်းကြီးမှာလည်း အဲ့ဝန်ဆောင်ခကို   ကျောင်းသားတွေ ကိုယ်စားပေးဖို့အတွက် ဘတ်ဂျက်မရှိဘူး။ အဲ့ဒီအချိန်မှာ AGD ဘဏ်နဲ့ ပေါင်းပြီး ၊ AGD Pay နဲ့ ကျောင်းအပ်ဖို့ ငွေသွင်းမယ်ဆိုရင်   ငွေသားမဲ့ ဖြစ်သွားတဲ့အတွက်   ကျောင်းသားကျောင်းသူကလည်း ငွေရေပြီး သွင်းနေစရာမလိုသလို ကျောင်းက ငွေသွင်းဌာနကလည်း ငွေရေနေစရာမလိုတော့ဘူး။ အဲ့ဒီအခါမှာ အရင်လို အချိန်ကြာမြင့်တာမရှိဘဲ လွယ်လွယ်ကူကူပဲ ကျောင်းအပ်နှံနိုင်မှာ ဖြစ်ပါတယ်” ဟု အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးက ပြောသည်။

AGD ဘဏ်မှလည်း ၎င်းတို့၏ ဝန်ဆောင်မှု AGD pay Application ကို ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ဘဏ်အကောင့်များ အခမဲ့ဖွင့်ပေးခြင်း၊ AGD Pay Application ထည့်သွင်းပေးခြင်း တို့ကို ကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။

AGD Pay ကို အသုံးပြုပြီး ကျောင်းအပ်နှံရမည့် စနစ်အပေါ် “ကျောင်းသားတွေအတွက်လည်း ပိုအဆင်ပြေလာမယ်။ Operate လုပ်မယ့်သူတွေကတော့ Manual ကနေ အခုလို ပြောင်းလိုက်တော့ အသားမကျပေမယ့် နောက်ပိုင်းကျရင် အခုလိုလုပ်တာ တကယ်အဆင်ပြေမယ်လို့ထင်တယ်။ ဟိုတစ်ခေါက်ကလို ပိုက်ဆံအတုကိစ္စတွေ ဘာတွေ မဖြစ်တော့ဘူးပေါ့”ဟု အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ စီးပွားစီမံစတုတ္ထနှစ်ကျောင်းသူ မမေမြတ်နိုးက သူ့အမြင်ကို ပြောသည်။

ဤကဲ့သို့ ကျောင်းအပ်နှံခြင်းကို အဆင်ပြေချောမွေ့မှုရှိစေရန် နိုဝင်ဘာလတွင် ကျောင်းသားများနှင့် အစမ်းလေ့ကျင့်မှု ပြုလုပ်သွားမှာဖြစ်ပြီး လာမည့်ပညာသင်နှစ်တွင် အဆိုပါ Cashless စနစ်ကို အကောင်းဆုံးစတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခုပညာသင်နှစ် ကျောင်းအပ်နှံရာတွင် ငွေစက္ကူတစ်သောင်းတန် ကောလဟာလကြောင့် တက္ကသိုလ်အများစုတွင် ကျောင်းအပ်နှံရာ၌ အခက်အခဲများ ရှိခဲ့သည်။

လက်ရှိတွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည်  ပုဂ္ဂလိကဘဏ်နှင့် ပူးပေါင်းကာ Cashless စနစ်ကို စတင်ဖော်ဆောင်ခဲ့သည့် အစိုးရကောလိပ်တစ်ခု  ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly