ခြိမ်းခြောက်လုယက်ခဲ့သူ စည်ပင်အကြီးတန်းစာရေးကို ရမန်ယူပြီး အင်းစိန်ထောင်ပို့

ခြိမ်းခြောက်လုယက်ခဲ့သူ စည်ပင်အကြီးတန်းစာရေးကို ရမန်ယူပြီး အင်းစိန်ထောင်ပို့
ဓာတ်ပုံ-လူမှုကွန်ယက်
 

ရန်ကုန်၊ ဇူလိုင်လ ၁၈ ။           ။ သက်ကြီးအမျိုးသမီးတစ်ဦးတည်း ရှိနေသော နေအိမ်အတွင်းဝင်ရောက်ပြီး  ဘောပင်နှင့်ထောက်ကာ ခြိမ်းခြောက်လုယက်ခဲ့သူ ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သန့်ရှင်းရေးဌာနမှ အကြီးတန်းစာရေးအမျိုးသမီးအား ရမန်ယူပြီး အင်းစိန်ထောင်သို့ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှရဲအရာတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဆိုပါ လုယက်ခဲ့သူအမျိုးသမီးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့တွင်  တောင်ဥက္ကလာပမြို့နယ်တရားမှ ရမန်ယူကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“ အဲ့ဒီအမျိုးသမီးကို မနေ့က တောင်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရမန်ယူပြီးတာနဲ့ တစ်ခါတည်း အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပါတယ်”ဟု တာဝန်ကျရဲအရာရှိက ပြောသည်။

ထို့သို့ အမျိုးသမီးကြီးအား လုယက်ခဲ့သူအမျိုးသမီးမှာ  ရန်ကုန်အရှေ့ပိုင်းခရိုင်စည်ပင်သန့်ရှင်းရေးဌာ နမှ အသက် ၄ဝ ခန့်အရွယ် အကြီးတန်းစာရေး ဒေါ်မူမူကျော်ဆိုသူဖြစ်ပြီး ၎င်းကို လုယက်ခံရသူ၏ အိမ်နီးချင်းများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၉၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုဖြစ်စဉ်မှာ ဇူလိုင်လ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန်က အဆိုပါ လုယက်ခဲ့သူအမျိုးသမီးမှာ စည်ပင် ဝတ်စုံဖြင့် ပိုးလောက်လန်းများ ရှိ၊ မရှိ စစ်ဆေးမည်ဟုဆိုကာ တောင်ဥက္ကလာပမြို့နယ် ၁၂ ရပ်ကွက် ဘရဏီ ၁ လမ်းရှိ  အသက် ၆၈ နှစ်အရွယ် ဒေါ်နွယ်နွယ်ဝင်း တစ်ဦးတည်းရှိနေသည့် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး  အိမ်သာထဲသို့အရောက်တွင် အဆိုပါအမျိုးသမီးက အဖွားအိုအား လည်ပင်းအား ဘောပင်ဖြင့် ထောက်ကာ လက်ကောက်များ၊ ဆွဲကြိုး များချွတ်ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ ချွတ်ယူပြီးနောက် ယင်းအမျိုးသမီးမှာ ခြိမ်းခြောက်ပြီး  လည်ပင်းအား ထပ်မံဘောပင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကာ လုယက်ခဲ့သူအမျိုးသမီးကို အိမ်နီးချင်းအမျိုးသားတစ်ဦးက တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုယက်ခဲ့သူအမျိုးသမီးမှ  လည်ပင်းအား ဘောပင်ဖြင့်ထိုးခဲ့သည့် ဒဏ်ရာကြောင့်   အသက် ၆၈ နှစ် အရွယ် ဒေါ်နွယ်နွယ်ဝင်းမှာ စံပြဆေးရုံသို့ သွားရောက်ကုသခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly