အကျင့်ပျက်ခြစားသော ဘရာဇီး စီးပွားရေးသမားနှစ် ဦးအားထောင် ၁၆ နှစ်စီ ချမှတ်

အကျင့်ပျက်ခြစားသော ဘရာဇီး စီးပွားရေးသမားနှစ် ဦးအားထောင် ၁၆ နှစ်စီ ချမှတ်

ဘရာဇီးနိုင်ငံ၏ ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် OAS ၏ အမှုဆောင်အရာရှိဟောင်း နှစ်ဦးအား အကျင့်ပျက်ခြစားမှုဖြင့် ထောင် ၁၆ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ဘီဘီစီသတင်း တစ်ရပ်အရ သိရှိရသည်။

ဘရာဇီးမှ တရားသူကြီးတစ်ဦး၏ ပြောကြားချက်အရ OAS ဥက္ကဋ္ဌဟောင်း ဂျို့စ်အယ်လ်ဒါ မာရီယို ပင်ဟဲရိုနှင့် အဂီနော မီဒဲရော့စ်တို့နှစ်ဦးမှာ နိုင်ငံပိုင်ရေနံကုမ္ပဏီ ပီထရိုဘရက်စ် (Petrobras) တွင်ဖြစ်ပွား သည့် ခြစားမှုအရှုပ်တော်ပုံကြီးတစ်ခု၌ ပါဝင်ပတ်သက်နေသည်ဟု ဆိုသည်။ အခြား OAS ဝန်ထမ်းသုံးဦးကိုလည်း နှစ်တိုထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဆိုသည်။

အရှုပ်တော်ပုံမှာ ယမန်နှစ်က လူသိရှင်ကြားဖြစ်လာခဲ့ပြီး အကြီးတန်းနိုင်ငံရေးသမားများလည်း ပါဝင်ပတ်သက်နေသည်ဟု ဆိုသည်။ ပင်ဟဲရိုနှင့် မီဒဲရော့စ်တို့နှစ်ဦးမှာ အစိုးရအရာရှိများအား လာဘ် ထိုးခြင်း ၊ငွေလျှော်ခြင်းနှင့် ရာဇဝတ်မှုများကို လျှို့ဝှက်ကြံစည်ကျူးလွန်ခြင်းများဖြင့် ပြစ်မှု ထင်ရှားသူ များဖြစ်သည်ဟု ဆိုသည်။

OAS ဘက်မှ ရှေ့နေ အက်ဒွပ် ကာဗယ်ဟိုကမူ ဝန်ထမ်းဟောင်းများ၏ကိုယ်စား ကုမ္ပဏီက အယူခံလျှောက်ထားမည်ဟု ပြောကြားကြောင်း O Globo သတင်းစာတွင် ဖော်ပြထားသည်။

ပီထရိုဘရပ်စ်နှင့် အမြတ်အစွန်းကြီးမားသော ကန်ထရိုက်များ ရယူနိုင်ရန် ဒါဇင်နှင့်ချီသည့် ဆောက်လုပ်ရေးကုမ္ပဏီများမှာ အကျင့်ပျက်နေသည့် အရာရှိများနှင့် နိုင်ငံရေးသမားများကို လာဘ်ထိုးလေ့ရှိကြ သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားသည်။

အရှုပ်တော်ပုံတွင် ၎င်း၏ ပါဝင်ပတ်သက်မှုကို ဖြေရှင်းရန် ယမန်နှစ်က ပထမဆုံး စွပ်စွဲမှုများ ပေါ်ထွက်လာသည့်အခါတွင် OAS မှာ ရှေ့တန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီး ဆာဂျီယို မိရို က ပြောကြားသည်။ သို့ရာတွင် အကျင့်ပျက်ခြစားမှုက စနစ်တစ်ခုဖြစ်လာသည့်အခါ လာဘ်ထိုးရသည်က ဓလေ့ထုံးစံတစ်ခု ဖြစ်လာပြီး ကစားပွဲ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာခဲ့ သည် ဟုလည်း တရားသူကြီးက ပြောကြားသည်။

အရှုပ်တော်ပုံ လူသိရှင်ကြားဖြစ်လာခဲ့သည့် ယမန်နှစ်က အခြားစီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများကိုလည်း ဖမ်းဆီးတရားစွဲကာ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags