ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် အာဇာနည်နေ့အခမ်းအနား ပြုလုပ်မည်

ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် အာဇာနည်နေ့အခမ်းအနား ပြုလုပ်မည်
(ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)

ဇူလိုင် ၁၈ (ပြည်၊ မဇ္ဈိမ) ။      ။ လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အကြိမ် (၇၀) မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်၌  ဌါနဆိုင်ရာနှင့် ပြည်သူလူထု တစ်စုတစ်ဝေးတည်း လွမ်းစုပန်းခွေချ အခမ်းအနားပြုလုပ်မည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

“ဌာနဆိုင်ရာရော၊ အရပ်ဖက်အဖွဲ့အစည်းတွေရော၊ ပြည်သူလူထုရော တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်း အောက်မေ့သတိရခြင်း အထိမ်းအမှတ်အနေနဲ့ လွမ်းသူပန်းခွေချ အလေးပြုခြင်းကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်”ဟု ပြည်မြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

အာဇာနည်နေ့အခမ်းအနားပြုလုပ်ရန်အတွက် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်ကို အာဇာနည်ကုန်းပုံစံ အသေးစား ပြုပြင်မှုများ ပြုလုပ်နေသည်။ ဗိုလ်ချုပ်ကျောက်ရုပ် အနီးရှိ ဗိုလ်ရှုခံ အဆောက်အဦတွင်လည်း ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်းပြပွဲပြုလုပ်ရန် ပြင်ဆင်နေပြီး ဇူလိုင်လ ၁၈ ရက်မှစ၍  ပြခန်းဖွင့်လှစ်သွားမည် ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများက မူယာပင်ပန်းခြံနှင့် ခေတ္တရာမြို့သစ် အားကစားကွင်းတို့တွင် ပြုလုပ်ကြပြီး ပြည်သူလူထုက ဗိုလ်ချုပ်ကျောက်ရုပ်တွင် လွမ်းစုပန်းခွေချအခမ်းအနားပြုလုပ်လေ့ရှိသည်။ သို့သော် NLD အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် ၆၉ ကြိမ်မြောက် အာဇာနည်နေ့  အခမ်းအနားကို ဗိုလ်ချုပ်ကျောက်ရုပ်တွင်သာ စုပေါင်းပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly