နိုင်ငံခြားသူအမျိုးသမီး ၂ ဦးအား လိမ်လည်ခေါ်ဆောင်ကာ လုယက်သူများကို ဖမ်းမိ

နိုင်ငံခြားသူအမျိုးသမီး ၂ ဦးအား လိမ်လည်ခေါ်ဆောင်ကာ လုယက်သူများကို ဖမ်းမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၁၇ ။               ။ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်းသို့ လည်ပတ်သော နိုင်ငံခြားသူ အမျိုးသမီး ၂ ဦး အား ဒလမြို့နယ်သို့လိုက်ပါလည်ပတ်ရန် အမျိုးသား ၂ ဦး က စည်းရုံးပြောဆိုကာ ကူးတို့သင်္ဘောဖြင့် ခေါ်ဆောင်သွားပြီး ဒလဆိပ်ကမ်း၌ အသင့်စောင့် နေသော အမျိုးသား ၅ ဦးနှင့်အတူ ဒေါ်လာများ ခြောက်လှန့်တောင်းယူခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ  ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၆ ရက်နေ့က ဟောင်ကောင်နိုင်ငံသူ Ms. Chui Ka Yee နှင့် ဗြိတိန်နိုင်ငံသူ Ms. Kam Yi Ching တို့(၂)ဦးသည် မဟာဗန္ဓုလပန်းခြံအတွင်း ရှိနေစဉ် အမျိုးသား ၂ ဦး ရောက်ရှိလာကာ ၎င်းတို့သည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး အင်္ဂလိပ်စာလေ့ကျင့်လို၍ ၎င်းတို့ဇာတိ ဒလမြို့သို့ လိုက်ပါလည်ပတ်ရန် စည်းရုံးပြောဆိုသဖြင့် သင်္ဘောစီး၍လိုက်ပါသွားရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း   ဖြစ်သည်။

၎င်းနိုင်ငံခြားသူ အမျိုးသမီး ၂ ဦးက ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်နေ ခရီးသွားလုပ်ငန်းနှင့် အင်္ဂလိပ်ဘာသာသင်တန်းဆရာ ဦးထွန်းမြတ်နှင့်အတူ
ဒလမြို့မရဲစခန်းသို့ရောက်ရှိလာပြီး အဆိုပါခြောက်လှန့် တောင်းယူသူ အမျိုးသားများကို အရေးယူပေးရန် တိုင်တန်းလာသဖြင့် ဒလမြို့မရဲစခန်း(ပ)၅၅၁/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ-၃၈၄/၃၅၄/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့သည်။

ဟောင်ကောင်နိုင်ငံသူ Ms. Chui Ka Yee ၏ ဖုန်းဗီဒီယိုမှတ်တမ်းပါ အမျိုးသား ၂ ဦးအား စုံစမ်းဆောင်ရွက်ခဲ့ရာ ဒလမြို့နယ်နေ ရှဗျန်းဆိုသူနှင့် နဆင်းဆိုသူတို့ဖြစ်ကြောင်း သိရှိရသဖြင့်
ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်ခန့်တွင် ရှဗျန်း(ခ)ကျော်မင်းနိုင်၊ (၂၆)နှစ်အား ကျောက်တံတားမြို့နယ်၊ (၃၇)လမ်း(အောက်)အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး နဆင်း(ခ)ရဲကို၊ (၂၅)နှစ်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ကျောက်တံတားမြို့မရဲစခန်း၌ ခိုးမှုဖြင့် ဖမ်းဆီးခံထားရကြောင်းသိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့ ၂ ဦးသည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံအနီးတစ်ဝိုက်တွင် အလွတ်တန်း Tourist Guide လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့က ဒလမြို့သင်္ဘောဆိပ်၌ အမျိုးသား ၅ ဦးမှ ဆိုင်ကယ်ကိုယ်စီဖြင့် စောင့်နေပြီး ဆိုင်ကယ်စီး၍ လည်ပတ်ရန်ပြောခဲ့ပြီး ၎င်းတို့မှ မိုးသည်းထန်စွာရွာနေ၍ ဆိုင်ကယ်မစီးလိုကြောင်းနှင့်   ပြန်လိုကြောင်း ပြောခဲ့သည်။ ထို့နောက် အမျိုးသား ၂ ဦးက မပြန်ရန်နှင့် ဆိုက္ကားဖြင့် လည်ပတ်ရန်ပြောဆိုခဲ့ပြီး အခမဲ့ဟု ပြောဆိုခဲ့သည်။ ဘုရားတစ်ဆူအား ဖူးပြီးနောက် ဆူနာမီဆိုသည့် ကျေးရွာသို့ ခေါ်ဆောင် သွားကာ ကူညီလှူဒါန်းပေးရန် ပြောခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသူ ၂ ဦးမှ ဆန် ၁ အိတ်ခွဲစာ ငွေကျပ် ၈၀၀၀၀အား ဆန်ဆိုင်တွင် ပေးခဲ့ပြီး အမျိုးသား ၂ ဦးက ၎င်းတို့၏နေအိမ်သို့ လိုက်ပါလည်ပတ် ရန် ပြောသဖြင့် အမျိုးသမီး ၂ ဦးက ပြန်လိုကြောင်း   ပြောဆိုခဲ့သည်။

ထို့နောက် ဆိပ်ကမ်းတစ်ခုအနီးသို့ ခေါ်ဆောင်သွားပြီး ဆိုက္ကားတစ်စီးစာလျှင်ငွေကျပ် ၅၅၀၀၀ နှုန်းဖြင့် ၃ စီးစာ အတွက်ငွေကျပ် ၁၆၅၀၀၀ တောင်းသဖြင့် မပေးနိုင်ကြောင်းပြောဆိုရာ   ဈေးလျှော့ပေးမည်ဖြစ်ကြောင်း အမျိုးသား ၂ ဦးက ညှိနှိုင်းပြောဆိုနေစဉ် ကျန်အမျိုးသားများက ဝိုင်းထားခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးလည်း အန္တရာယ်ပြုခံရမည့်အခြေအနေကြောင့်ဈေးလျှော့ပေးရန် ညှိနှိုင်းပြောဆိုပြီး ဟောင်ကောင်နိုင်ငံသူ Ms. Chui Ka Yee က ဖုန်းဖြင့်ဗီဒီယိုရိုက်၍မှတ်တမ်းတင်နေစဉ် အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် နာကျင်စေရန် လက်ဖြင့်တွန်း၍ အင်္ဂလိပ်ဘာသာ စကားဖြင့် ညစ်ညမ်းစွာဆဲဆိုခဲ့ကြောင်း၊ နိုင်ငံခြားသူ ၂ ဦးမှ အမေရိကန်ဒေါ်လာသာ ပေးရန်ရှိကြောင်း   ပြောရာ ဆိုက္ကား ၁ စီးအသုံးပြုခ ဒေါ်လာ ၅၀၊ ၃ စီးစာအတွက် ဒေါ်လာ ၁၅၀ တောင်းခဲ့သည်။

ညှိနှိုင်းခဲ့ရာ ဒေါ်လာ ၁၀၀ ဖြင့်အဆင်ပြေခဲ့ပြီး ဒေါ်လာ ၂၀ တန် ၅ ရွက်အား ပေးအပ်စဉ် ဒေါ်လာ ၂ ရွက်မှာ ခေါက်ရိုးရာရှိ၍ ပြန်လဲပေးရန်ပြောဆိုသဖြင့်လဲပေးခဲ့ရာ ၎င်းဒေါ်လာ ၂ ရွက် ကိုလည်းပြန်လည်ပေးအပ်ခြင်းမရှိဘဲ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀ တန်(၇)ရွက်၊ ဒေါ်လာ ၁၄၀ ပေးခဲ့ရကြောင်း သိရသည်။

အခင်းဖြစ်နေ့က ပြစ်မှုကျူးလွန်ရာတွင် ၎င်းတို့ ၂ ဦးနှင့်အတူ ငမဲ(စုံစမ်းဆဲ)၊ အစ္စလန်း(စုံစမ်းဆဲ)၊ စိုးကိုကို၊ အောင်ကိုဝင်း၊ အငယ်လေး(ခ)ရာဇာဝင်းတို့ပါဝင်ကြောင်းသိရှိရ၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပြီး အမာခံသတင်းပေးများမှတစ်ဆင့်ဆက်သွယ်စည်းရုံးခဲ့ရာမှ စိုးကိုကို၊ အောင်ကိုဝင်း နှင့် အငယ်လေး(ခ)ရာဇာဝင်းတို့ ၃ ဦးမှာ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ၎င်းတို့ကိုယ်တိုင်လာ ရောက်အဖမ်းခံခဲ့ပြီး ငမဲ(စုံစမ်းဆဲ)နှင့် အစ္စလန်း(စုံစမ်းဆဲ)တို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

၎င်းတို့ ၅ ဦးအား တိုက်ဆိုင်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေ့က ငမဲ(စုံစမ်းဆဲ)နှင့် အစ္စလန်း(စုံစမ်းဆဲ)တို့ ၂ ဦးမှာ နိုင်ငံခြားသူ အမျိုးသမီး ၂ ဦးအား ဒလမြို့သို့ စည်းရုံးခေါ်ဆောင်လာကာ ၎င်းတို့ ၅ ဦးနှင့်အတူ ဒလမြို့အတွင်း ဆိုက္ကား ၃ စီးငှားရမ်း၍လှည့်လည်သွားလာခဲ့ခြင်းဖြစ်ကြောင်း၊ အံ့ကြီး အနောက်ရပ်ကွက်အား ဆူနာမီကျေးရွာဟု လိမ်လည်ပြောဆို၍ ဆန်အိတ်အလှူခံကာ အမေရိကန်ဒေါ်လာ ၁၄၀အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း၊ ၎င်းအမျိုးသမီး ၂ ဦး ပြန်သွားပြီး နောက် ဆန်အိတ်အား ၎င်းဆန်ဆိုင်၌ပင် ငွေကျပ် ၆၄၀၀၀ ဖြင့်ဈေးဖြတ်ကာ ပြန်သွင်းခဲ့ပြီး
စားသောက်သုံးစွဲ၍ ကုန်သွားကြောင်းနှင့် ဒေါ်လာ ၁၄၀ အား ၎င်းတို့ ၅ ဦးက  အသီးသီးခွဲဝေယူထား ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ ရှဗျန်း(ခ)ကျော်မင်းနိုင်၊ နဆင်း(ခ)ရဲကို၊ စိုးကိုကို၊အောင်ကိုဝင်းနှင့် အငယ်လေး(ခ) ရာဇာဝင်း တို့ ၅ ဦးအား အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်သေခံ အမေရိကန်ဒေါ်လာငွေများအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ငမဲနှင့် အစ္စလန်းတို့အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly