တင်းနစ်လောကရဲ့ဘုရင် (သို့မဟုတ်) ရော်ဂျာ ဖက်ဒါးရား

တင်းနစ်လောကရဲ့ဘုရင် (သို့မဟုတ်) ရော်ဂျာ ဖက်ဒါးရား

၂၀၁၇ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲရဲ့ဗိုလ်လုပွဲစဉ်မှာ ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါးရားဟာ ခရိုအေးရှားတင်းနစ်သမား မာရင်ဆီလစ်ကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ဆွတ်ခူးခဲ့ပါတယ်။

ဖက်ဒါးရားဟာ ဆီဒင်အဆင့် ၇ သာရှိတဲ့ မာရင်ဆီလစ်ကို ၆-၃၊ ၆-၁၊ ၆-၄ နဲ့ သုံးပွဲပြတ်အနိုင်ယူပြီး ဝင်ဘယ်ဒန်ချန်ပီယံဆုကြီးကို ရှစ်ကြိမ်မြောက်ရယူခဲ့တာဖြစ်ပါတယ်။ ဒီဆုက ၂၀၁၇ ခုနှစ်အတွင်းမှာ ဒုတိယမြောက်ရယူနိုင်ခဲ့တဲ့ ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒါးရားရဲ့ တင်းနစ်ကစားသမားဘဝမှာ ၁၉ ခုမြောက် ရယူနိုင်တဲ့ ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။

တင်းနစ်သမိုင်းမှာ ဂရင်းစလင်းချန်ပီယံဆုအများဆုံးရယူနိုင်သူအဖြစ် ရပ်တည်နေပြီးသားဖြစ်တဲ့ ဖက်ဒါးရားဟာ သူ့ရဲ့စံချိန်ကို ထပ်တိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ဆိုတာ အားကစားသမားတစ်ဦးအတွက် ငယ်ရွယ်တော့တဲ့ အရွယ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဖက်ဒါးရားဟာ လူငယ်ပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ မာရေး၊ ဂျိုကိုဗစ်၊ နာဒယ်တို့နဲ့အပြိုင် လက်စွမ်းကောင်းကို   ပြသနေဆဲဖြစ်ပါတယ်။

ဖက်ဒါးရားဟာ ငယ်စဉ်ကတည်းက တင်းနစ်ကစားခဲ့သူဖြစ်ပြီး ဂျူနီယာအဆင့်မှာ ပွဲပေါင်း ၁၆၃ ပွဲအထိ ကစားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က စတင်ကာ ဝင်ဘယ်ဒန်လူငယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့သလို ၁၉၉၈ ခုနှစ်အကုန်မှာတော့ လူငယ်တန်းမှာ ကမ္ဘာ့အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

လူငယ်ဘဝမှာကတည်းက လက်စွမ်းပြခဲ့တဲ့ ဖက်ဒါးရားဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး ၂၀၀၁ ခုနှစ်မှာတော့ ဂရင်းစလင်းပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပိဆမ်းပရက်စ်နဲ့အက်ဂါဆီတို့လို ထိပ်တန်းကစားသမားတွေနဲ့အပြိုင် ကစားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်တွေအထိ တက်လှမ်းခဲ့ပါတယ်။

အရှိန်အဟုန်နဲ့တောက်ပလာတော့မယ့် မီးခဲလေးဟာ ၂၀၀၃ ခုနှစ်မှာတော့ ဝင်ဘယ်ဒန်ဗိုလ်လုပွဲမှာ မာ့ခ်ဖီးလစ်ပိုဆစ်ကို အနိုင်ယူပြီး ပထမဆုံးဂရင်းစလင်းချန်ပီယံဆုကို ရယူခဲ့ပါတယ်။ ဒီအချိန်မှာ ဖက်ဒါးရားရဲ့အသက်က ၂၂ နှစ်အရွယ်သာ ရှိပါသေးတယ်။ ဂရင်းစလင်းပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂ နှစ်အကြာမှာ ဂရင်းစလင်းချန်ပီယံဖြစ်လာတာဖြစ်ပါတယ်။

ပထမဆုံးဂရင်းစလင်းချန်ပီယံဆုကို ရယူပြီးတဲ့နောက်မှာတော့ ဖက်ဒါးရားဟာ တောက်လျှောက်ဆိုသလို လက်စွမ်းတက်လာပြီး ဂရင်းစလင်းချန်ပီယံဆုတွေကို ရယူပါတော့တယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ကာလတွေဟာ တင်းနစ်လောကကို ဖက်ဒါးရားလွှမ်းမိုးထားခဲ့တဲ့ ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ ဖက်ဒါးရားဟာ ဂရင်းစလင်းချန်ပီယံဆုပေါင်း ၁၇ ခုအထိရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်းမှာတော့ မာရေးနဲ့ဂျိုကိုဗစ်တို့ တစ်ဟုန်ထိုးတိုးတက်လာလို့ ဖက်ဒါးရားတစ်ယောက် ဂရင်းစလင်းချန်ပီယံဆုတွေနဲ့ ဝေးကွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကောင်းမွန်လှတဲ့ ဖက်ဒါးရားဟာ သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရအောင် ကြိုးစားခဲ့ပြီး လူငယ်ကစားသမားတွေနဲ့ ပုခုံးချင်းယှဉ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဖက်ဒါးရားဟာ သူ့ရဲ့လက်စွမ်းကောင်းပြန်ရလာပြီး သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ တစ်ကျော့ပြန်ဖက်ဒါးရားကို တင်းနစ်လောကတစ်ခုလုံးက ဂုဏ်ပြုခဲ့ကြပါတယ်။ အခု ဝင်ဘယ်ဒန်ပြိုင်ပွဲမှာလည်း ဖက်ဒါးရားဟာ ဆီဒင်အဆင့် ၃ သာသတ်မှတ်ခံရပေမယ့် လူငယ်တွေကို ဖြတ်ကျော်ပြီး ချန်ပီယံဆုကြီးကို ရယူနိုင်ခဲ့ပြန်ပါပြီ။

လက်ရှိတင်းနစ်လောကမှာ ဂရင်းစလင်းချန်ပီယံဆုကို အများဆုံးရယူထားနိုင်ကြတဲ့ ကစားသမားက သုံးဦးပဲ ကျန်ပါတော့တယ်။ အဲ့ဒီသုံးဦးကတော့ ဖက်ဒါးရား(၁၉ ကြိမ်)၊ နာဒယ်(၁၅ ကြိမ်)နဲ့ ဂျိုကိုဗစ်(၁၂ ကြိမ်)တို့ ဖြစ်ပါတယ်။ ဖက်ဒါးရားရဲ့ အသက်က ၃၅ နှစ်ရှိပြီဖြစ်လို့ သူ့ရဲ့ တင်းနစ်ကစားသမားဘဝက အချိန်သိပ်မကျန်တော့ပါဘူး။ လက်ရှိမှာ နာဒယ်က ၃၁ နှစ်ရှိနေပြီဖြစ်ပြီး ဂျိုကိုဗစ်က အသက် ၃၀ အရွယ်ရောက်နေပြီ ဖြစ်ပါတယ်။ ဖက်ဒါးရားရဲ့စံချိန်ကို ရိုက်ချိုးနိုင်ဖို့ဆိုရင် နာဒယ်နဲ့ဂျိုကိုဗစ်တို့ နှစ်ဦးစလုံးအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးလက်စွမ်းတွေကို ပြန်ရဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ဖက်ဒါးရား၊ ဂျိုကိုဗစ်၊ နာဒယ်နဲ့ မာရေးတို့ လေးဦးဟာ တင်းနစ်လောကရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တာကြောင့် ဂရင်းစလင်းချန်ပီယံဆုတွေကို သူတို့ပဲ ရရှိနေကြဦးမှာပါ။ ဖက်ဒါးရားရဲ့စံချိန်ကို ချိုးဖျက်ဖို့ဆိုတာ ဖြစ်လာနိုင်သေးပေမယ့် လွယ်လွယ်ကူကူတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်လို့ ဖက်ဒါးရားရဲ့ စံချိန်ကို တစ်စုံတစ်ယောက်က ရိုက်ချိုးခဲ့တယ်ဆိုရင်တောင် ဆွစ်ဇာလန်သားကြီးဟာ ကမ္ဘာ့တင်းနစ်လောကမှာ အမြဲအမှတ်ရနေရမယ့် ချန်ပီယံကြီးဆိုတာ အသေအချာပါပဲ။

ဖက်ဒါးရား၏ ဂရင်းစလင်းချန်ပီယံဆုများ

----------------------------

သြစတြေးလျအိုပင်း - ၅ ကြိမ်(၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၇)

ပြင်သစ်အိုးပင်း - ၁ ကြိမ်(၂၀၀၉)

ဝင်ဘယ်ဒန် - ၈ ကြိမ်(၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၇)

ယူအက်စ်အိုးပင်း - ၅ ကြိမ်(၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈)

ဖက်ဒါးရား၏ ဗိုလ်လုပွဲမှတ်တမ်း

---------------------

ဖက်ဒါးရားဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ဂရင်းစလင်းဗိုလ်လုပွဲ ၂၉ ပွဲအပါအဝင် တစ်ဦးချင်းဗိုလ်လုပွဲပေါင်း ၁၄၁ ပွဲအထိ ကစားခဲ့သူဖြစ်ပါတယ်။ အဲ့ဒီဗိုလ်လုပွဲ ၁၄၁ ပွဲမှာ ၉၃ ပွဲအထိ အနိုင်ရခဲ့ပြီး ၄၈ ပွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ဖက်ဒါးရားဟာ ဂရင်းစလင်းချန်ပီယံဆု ၁၉ ဆုအပါအဝင် ဆုဖလားပေါင်း ၉၃ ခုအထိ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဖက်ဒါးရားဟာ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာတော့ ဗိုလ်လုပွဲ ၁၄ ပွဲသာ ကစားခဲ့ဖူးပြီး ၈ ပွဲအနိုင်ရကာ ၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဖက်ဒါးရား၏လက်စွမ်းအကောင်းဆုံးရာသီ

---------------

ဖက်ဒါးရားရဲ့ လက်စွမ်းအကောင်းဆုံးရာသီကတော့ ၂၀၀၆ ခုနှစ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာ ဖက်ဒါးရားဟာ ဂရင်းစလင်းချန်ပီယံဆု သုံးဆုကို ရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်အိုးပင်းပြိုင်ပွဲတစ်ခုတည်းမှာပဲ နာဒယ်ကို ဗိုလ်လုပွဲမှာ ရှုံးခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဖက်ဒါးရားဟာ တစ်ဦးချင်းချန်ပီယံဆု ၁၂ ခု အထိရရှိခဲ့ပါတယ်။ ပွဲပေါင်း ၉၇ ပွဲကစားခဲ့ရာမှာ ၉၂ ပွဲနိုင်ခဲ့ပြီး ၅ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

ဖက်ဒါးရား၏စိတ်ဝင်စားဖွယ်အကြောင်းအရာများ

-------------------

-ဖက်ဒါးရားရဲ့ဖခင်က ဆွစ်ဇာလန်လူမျိုးဖြစ်ပြီး မိခင်ကတော့ တောင်အာဖရိကနိုင်ငံက ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒါးရားဟာ အာဖရိကသွေး ၅၀ ရာခိုင်နှုန်းပါဝင်သူဖြစ်ပါတယ်။

-ငယ်စဉ်ကတည်းက အားကစားကိုဝါသနာပါသူဖြစ်ပြီး ဘောလုံး၊ ရေကူး၊ ကြက်တောင်၊ တင်းနစ် စတဲ့ အားကစားနည်းတွေအကုန်လုံးကို ကစားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ ဘောလုံးနဲ့တင်းနစ် အားကစားနှစ်ခုက တင်းနစ်ကို ရွေးချယ်ခဲ့တာလို့ သူကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။

-ဖက်ဒါးရားဟာ အသက် ၁၄ နှစ်အရွယ်အထိ အသီးအရွက်ကိုသာ စားသုံးခဲ့သူ ဖြစ်ပါတယ်။ ၁၄ နှစ်နောက်ပိုင်းမှာမှ အားကစားသမားတစ်ဦးအတွက် လိုအပ်ချက်အရ အသားစားခဲ့ပါတယ်။ အခုတော့ ဖက်ဒါးရားဟာ သူ့ဗိုက်က တောင်းဆိုသမျှ အကုန်စားပါတယ်။

-ဖက်ဒါးရားဟာ အားကစားဘက်မှာ ထူးချွန်ဖို့အတွက် အသက် ၁၆ နှစ်အရွယ်မှာ ပညာရေးကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နဲ့ ဆွစ်ဂျာမန် စကားတွေကို ပြောဆိုနိုင်သူ ဖြစ်ပါတယ်။

-ဗီဒီယိုဂိမ်းကစားတာကို ကြိုက်နှစ်သက်ပြီး တစ်နေ့မှာ သွားသုံးကြိမ်တိုက်သူဖြစ်ပါတယ်။ အကြိုက်ဆုံးနံပါတ်က ၈ ဖြစ်ပြီး အနှစ်သက်ဆုံးအရောင်က အနက်ရောင်ဖြစ်ပါတယ်။ Good Will Hunting, Gladiator စတဲ့ ဇာတ်ကားတွေနဲ့ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲတွေက သူအကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ပါတယ်။

-ဖက်ဒါးရားဟာ အမျိုးသမီးတင်းနစ်ကစားသမားဟောင်း မီရိုဆလက်မာကာဗက်ရီနက်နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး မေလာရို့စ်နဲ့ချာလီနီဆိုတဲ့ အမွှာပူးသမီးကလေးနှစ်ယောက်၊ လီယိုနဲ့လန်နက်ဆိုတဲ့ အမွှာသားလေးနှစ်ယောက် မွေးဖွားထားပါတယ်။

-ဖိနပ်ဆိုဒ်နံပါတ်က ၁၂ ဖြစ်ပြီး နယူးယော့ခ်နဲ့မီလန်မြို့တွေက ဖက်ရှင်ရှိုးတွေကို ဇနီးဖြစ်သူနဲ့အတူ သွားရတာ သဘောကျသူ ဖြစ်ပါတယ်။

-အကြိုက်နှစ်သက်ဆုံး တိရစ္ဆာန်က ခြင်္သေ့ဖြစ်ပြီး ရိုလာကိုစတာစီးရတာကို ကြောက်ရွံ့သူဖြစ်ပါတယ်။

-စန္ဒရားတီးလေ့ရှိပေမယ့် နှစ်သက်တဲ့ ဂီတအမျိုးအစားက Rock ဂီတဖြစ်ပါတယ်။ AC/DC, Lenny Kravitz တို့က ဖက်ဒါးရားနှစ်သက်တဲ့ ဂီတအဖွဲ့နဲ့ အဆိုတော်တွေဖြစ်ပါတယ်။

-၂၀၀၃ ခုနှစ်မှာ ရော်ဂျာဖက်ဒါးရားဖောင်ဒေးရှင်းကိုတည်ထောင်ပြီး ဆင်းရဲတဲ့နိုင်ငံတွေက ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားဆိုင်ရာ တိုးတက်ရေးတို့အတွက် ကူညီလျက်ရှိပါတယ်။

-သူက ဇီဇာကြောင်တတ်သူ၊ အယူသည်းသူ မဟုတ်ပါဘူးလို့ ဖွင့်ဟထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly