ပြည်ထဲရေးမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲ

ပြည်ထဲရေးမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲ

နေပြည်တော်(ဇူလိုင် ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရန်ကုန်ရှိ မြေကွက်တစ်ကွက်နှင့်ပတ်သက်ပြီး သိန်းထောင်နှင့်ချီကာ အဂတိလိုက်စားသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ဦးအား အရေးယူရန် ကော်မရှင်က တရားစွဲဆိုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။

“အဓိက ဖြစ်စဉ်က ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ပတ်သက်ပြီး သိန်းထောင်နဲ့ချီပြီး အဂတိလိုက်စားမှု ဖြစ်ပါတယ်။ ဒီထဲမှာ Alphard ယာဉ် ပေးတာ၊ Mark II ယာဉ်ပေးတာ စတဲ့ အချက်တွေပါ ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ယခုဖြစ်စဉ်သည် ၂၀၁၅ခုနှစ်၊ ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ ကနဦးတိုင်ကြားခဲ့သော်လည်း ပြည်ထဲရေးမှ အရာရှိများ ပါဝင်ပတ်သက်နေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းကာ စုံစမ်းစစ်ဆေးစေခဲ့ရာမှ အထက်ပါအတိုင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားကြောင်း ကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့သူများမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်(ယခု ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး) ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ ဦးစီးအရာရှိတစ်ဦးနှင့် မြေပိုင်ရှင် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသူ နှစ်ဦး စုစုပေါင်း ခြောက်ဦးတို့ ဖြစ်သည်။

ကော်မရှင်က အဆိုပါ (၆)ဦးအား “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့ တရားစွဲဆိုလိုက်တာ” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၀၁၃ခုနှစ်က ပြဌာန်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသေးသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အလေးထားဆောင်ရွက်နေတာ ဖြစ်ပေမယ့်လည်း အချို့သော ကိစ္စတွေက စစ်ဆေးတဲ့အခါ ကျော်စောမှု သဘောမျိုးဖြစ်နေပြီး တိကျတဲ့၊ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ လိုအပ်ပါတယ်။ သံသယဖြစ်ခြင်းခံရသူတွေ အနေနဲ့လည်း ဥပဒေနဲ့အညီ ပြန်လည်ရှင်းလင်း ချေပခွင့် ရှိရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly