စိမ်းလန်းသာယာတဲ့ သစ်တောအလယ်ခေါင်မှာ လက်ထပ်ပွဲ ကျင်းပတဲ့ အလေ့အထ ကော်စတာရီကာမှာ ခေတ်စား

စိမ်းလန်းသာယာတဲ့ သစ်တောအလယ်ခေါင်မှာ လက်ထပ်ပွဲ ကျင်းပတဲ့ အလေ့အထ ကော်စတာရီကာမှာ ခေတ်စား

ဇူလိုင် ၁၇ ။                       ။ မြို့တွင်းဆူညံသံတွေနဲ့ ကင်းကွာပြီး ဆိတ်ငြိမ်တိတ်ဆိတ်ကာ စိမ်းလန်းသာယာတဲ့ သစ်တောဧရိယာအတွင်း လက်ထပ်မင်္ဂလာပွဲ ကျင်းပတဲ့ အလေ့အထတစ်ခုကတော့ ကော်စတာရီကာနိုင်ငံမှာ တစ်စထက်တစ်စ ခေတ်စားလာနေတယ်လို့ သိရပါတယ်။

ယခုဆိုရင်လည်း ယင်းနိုင်ငံမှာ ရှိတဲ့ စိမ်းလန်းသာယာမှုအပြည့် ရှိ အပူပိုင်းသစ်တောအလယ်ခေါင်တည့်တည့်မှာ သွားပြီး မင်္ဂလာပွဲ ဆင်နွှဲကြဖို့ စုံတွဲတော်တော်များများ လည်း စိုင်းပြင်းနေကြပြီ ဖြစ်ပါတယ်။

ဧရိယာ စတုရန်း ကီလိုမီတာ ၅၁,၁၀၀ ရှိ ကော်စတာရီကာ နိုင်ငံကတော့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဇီဝမျိုးကွဲ ၄ ဒသမ ၇ ရာခိုင်နှုန်းကို ထိန်းသိမ်းထားလျက်ရှိပြီး ယင်းရဲ့ သာယာလှပတဲ့ ကမ်းခြေတွေ၊ မီးတောင်တွေ၊ သစ်တောတွေ၊ သဘာဝအလှအပတွေကြောင့် ကျော်ကြားတဲ့  ဗဟိုအမေရိက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြို့တော် San Jose ကနေ ၂၄ ကီလိုမီတာ သာ ကွာဝေးတဲ့နေရာမှာ တည်ရှိတဲ့ Rainforest Adventures သစ်တောဥယျာဉ်ရဲ့ အလယ်ခေါင်တည့်တည့်မှာတော့ လာရောက်လည်ပတ်သူတွေကို စိတ်ကျေနပ်မှု အပြည့်ပေးစွမ်းနိုင်မယ့် အစိမ်းရောင် သစ်ပင်သစ်တန်းတွေ၊ မျိုးစိတ်ပေါင်း ရာချီရှိနေတဲ့ ကျေးငှက်သကာရတွေကို မြင်တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။

" ဒီလိုမျိုး သဘာဝတရားက ပေးထားတဲ့ သာယာမှုအပြည့်ရှိ တောလယ်ခေါင်နေရာမှာ မင်္ဂလာပွဲကျင်းပမှုက တကယ့်ကို သူမတူအောင် ထူးခြားကောင်းမွန်လှပါတယ်၊ ဘယ်လိုပြောရမလဲဆိုတော့ မင်္ဂလာဆောင်တဲ့စုံတွေအနေနဲ့ သူတု့ိတစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်လောက်တဲ့ ခံစားမှုမျိုး ရရှိသွားစေနိုင်ပါတယ်" လို့ ယင်း သစ်တောအတွင်း အခမ်းအနားတွေ ကျင်းပစီစဉ်ပေးနေသူ Brenda Fienny က ပြောသွားပါတယ်။

၎င်းရဲ့ အဆိုအရ သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှုရိုက်ရနိုင်မှု၊ အေးမြသာယာတဲ့ ငှက်သံတွေကို ကြားရနိုင်မှု၊ မျက်စိတစ်ဆုံး စိမ်းလန်းသာယာကြည်အေးတဲ့ မြင်ကွင်းတွေပဲ မြင်တွေ့ရနိုင်မှု၊ အပင်တွေရဲ့ လတ်ဆတ်မှုကို ခံစားနိုင်မှု၊ မတူညီတဲ့ အခြေအနေတွေနဲ့ ထိတွေ့ခံစားရနိုင်မှုတို့ကို မင်္ဂလာပွဲ ဆင်နွှဲသူတွေရော၊ တက်ရောက်လာသူတွေပါ ခံစားနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly