စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့
ဓာတ်ပုံ-MOI

ရန်ကုန်၊ ဇူလိုင် ၁၇  ။            ။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာများအတွက် ဇူလိုင်လ ၁၇ ရက်တွင် ငွေကျပ် ၂၄သိန်းကျော်လာရောက် ထောက်ပံ့သွားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လအတွင်း ရေကြီးသည့် ဖြစ်စဉ်အတွင်း ပထမဆုံးအကြိမ်အစိုးရဘက်မှ လာရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်းခန္တီးမြို့နယ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောဆိုသည်။

“ တစ်မိသားစုကို ငွေတစ်သောင်းနဲ့ပေါ့နော် ပြောင်းရွှေ့တဲ့ရေဘေးသင့်ပြည်သူတွေကို လာပေးသွားတာ “ ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။

ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများနှင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၂၄၁) စုနှင့် ဆရာမ ၆ ဦးအတွက် အစားအစာ ထောက်ပံ့ပစ္စည်းမျိုးစုံနှင့် ထောက်ပံ့ငွေ ၂၄၇၀၀၀၀ ကျပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ခန္တီးမြို့နယ်၌ ရေဘေးသင့်သည့်ကျေးရွာများမှာ နန်ဖာကျေးရွာရှိ အိမ်ထောင်စု( ၃၆ )စု၊ ရွှေမြင့်မိုရ်ကျေးရွာရှိ အိမ်ထောင်စု(၄၁)စု၊ မှန်ပင်ကျေးရွာရှိ အိမ်ထောင်စု (၉)စု၊ ကင်တော်ကျေးရွာရှိ အိမ်ထောင်စု (၁၇)စု၊ ကချင်စုကျေးရွာရှိ အိမ်ထောင်စု(၁၃)စု၊ ဆင်သေကျေးရွာရှိ အိမ်ထောင်စု (၁၂၅)စု၊ စုစုပေါင်း အိမ်ထောင်စု (၂၀၅)စုတို့အား လာရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် ပြန်လည်ရောက်ရှိသွားသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေသော ရေဘေးရှောင်နေရသည့် ခန့်မှန်းခြေ လူဦးရေ ၆၀၀ ခန့် မှ ၉၀ ရာခိုင်နူန်းခန့်မှာလည်း နေရပ်သို့ပြန်သွားကြပြီဟု ခန္တီးမြို့နယ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ် (၁) မှ ဦးမောင်တေးက ပြောသည်။

ရေကျသွားပြီးနောက် ဖြစ်ပွားတတ်သော ရောဂါများ အန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးခြင်းလုပ်ဆောင်ခဲ့ပြီး ဒေသခံများမှ ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးအခက်အခဲများကို တင်ပြခဲ့ကြောင်းသိရသည်။

ယခုနှစ် ဇူလိုင် ၁ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ မြစ်ရေကြီးမှုကြောင့် အိမ်၂၈ လုံး ရေထဲ မျှောပါကာ အိမ်ထောင်စု ၉ထောင်ကျော် လူဦးရေ ၄ သောင်းကျော် ရေဘေးသင့်နေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly