Shop.com.mm

ဧရာဝတီမြစ်ကြောင်းတလျှောက် မြို့အချို့ နောက် ၃ ရက်အထိ စိုးရိမ်ရေမှတ်အထက် ရှိနေမည်

.

ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ပခုက္ကူမြို့ပေါ် ရပ်ကွက်အချို့ ဇူလိုင်လ ၁၆ရက်နေ့မှ စတင်ကာ ရေများစတင်ဝင်ရောက်လာစဉ်။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ရန်ကုန်၊ ဇူလိုင်လ ၁၇ ။             ။ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေကြောင်း ဇူလိုင်လ ၁၇ ရက်၊ ၁၂:၃၀နာရီ တိုင်းထွာချက်များအရ  သိရသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

ယနေ့ ပခုက္ကူမြို့တွင်(၁)ပေခန့်နှင့် ညောင်ဦးမြို့တွင် (၂)ပေခန့် ၊ ဟင်္သာတမြို့ တွင် (၁)ပေခန့်နှင့် ဇလွန်မြို့တွင် ပေဝက်ခန့်  သတ်မှတ်စိုးရိမ်ရေမှတ်ထက် အသီးသီးကျော်လွန်နေသည်။  နောက် ၃ ရက်အတွင်း အဆိုပါမြို့များတွင် စိုးရိမ်ရေမှတ်အထက်  ဆက်ရှိနေဦးမည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁)ပေခန့် ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း (၁)ပေခန့် ဆက်တက်နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများ၊ ငဝန်မြစ်တလျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း   နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလမှ အကြံပြုထားသည်။

ချင်းတွင်းမြစ်ရေသည် “မော်လိုက်မြို့တွင် (၃)ပေခွဲခန့်၊ ကလေးဝမြို့တွင်(၂)ပေခွဲခန့်၊ မင်းကင်းမြို့တွင် (၃)ပေခွဲခန့်နှင့် မုံရွာမြို့တွင် (၂) ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်သို့ပြန်လည်ကျဆင်းနိုင်ပါတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၂ နာရီ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင်မူ ၂၈၄၀ စင်တီမီတာ ရှိပြီး ၊ ယနေ့ နေ့လည် ၂ နာရီ ခွဲတိုင်းတာရရှိချက်အရ ၂၈၄၁ စင်တီမီတာ ရှိပြီး စိုးရိမ်ရေအမှတ်  ၂၉၀၀ စင်တီမီတာ ရောက်ရန် ၆၀ စင်တီမီတာသာ လိုတော့သည်။ ရေတက်နှုန်း တစ်နေ့ ၆ လက်မ ရှိသည့်အတွက်  နောက်လေးရက်တွင် စိုးရိမ်ရေအမှတ်သို့   ရောက်နိုင်သည်ဟု   ပြည်ခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။