ပြည်မြို့ရေဘေးသင့်ပြည်သူများ သောက်သုံးရေ နှင့် နေစရာအခက်အခဲဖြစ်

ပြည်မြို့ရေဘေးသင့်ပြည်သူများ သောက်သုံးရေ နှင့် နေစရာအခက်အခဲဖြစ်

ပြည်၊ ဇူလိုင် ၁၇ ။                 ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၁၇ ရက်အထိ အိမ်ခြေ ၇၀၀ ကျော်ရေနစ်မြှုပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတစ်ခုသာ ဖွင့်လှစ်ခဲ့သည့်အတွက် ဒုက္ခသည်အများစု မှာ နေစရာအခက်အခဲ၊ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၁၇ ရက်အထိ ပြည်မြို့နဝင်းနယ်မြေ ဖိုးခေါင်ရပ်ကွက်မှ အိမ်ခြေ ၈၈ လုံး ၊ မာလကာကုန်းရပ်ကွက်မှ အိမ်ခြေ ၁၂၆ လုံး ၊ ဘောဂရပ်ကွက်မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၁၁၉ လုံး ၊ နဝင်းလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၁၉ လုံး ၊ ဝါရုံတာရိုးမှ အိမ်ခြေ ၁၃၀ လုံး စုစုပေါင်း အိမ်ခြေ ၇၁၉ လုံးရေနစ်မြှုပ်နေသည်။

ဇူလိုင်လ ၁၆ ရက် ညနေ ၆ နာရီတွင် မာလကာကုန်း ၊ ဘောဂရပ်ကွက် ၊ နဝင်းမြောက် ရပ်ကွက် များမှ အိမ်ထောင်စု ၈၇ ခုကို နဝင်းဝါဆိုဘုန်းတော်ကြီးကျောင်းသို့   ပြောင်းရွှေ့ပေးခဲ့သော်လည်း   နေရာမလုံမလောက်ဖြစ်ခဲ့ရသည်။

“အိမ်ထောင်စု လေးဆယ်လောက်က တော့ နေ့ဘက်မှာ ထားလို့ရတယ်။ ကျန်တဲ့ အိမ်ထောင်စုတွေ က နေ့ဘက်အပြင်ထွက်နေပြီးညဘက်ပြန်အိပ်ရတယ်”ဟု နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးဖြစ်သူက ဆိုသည်။

ထို့ပြင် ရေကြီးနစ်မြှုပ်မှု အဆိုးဝါးဆုံးခံစားရသော ရွှေပလ္လင်မှော်အောက်ချိုင့် ရပ်ကွက်မှ ရေဘေးဒုက္ခသည်များ နေထိုင်ရန်အတွက် ရွှေပလ္လင်မှော်ဘုရား ဓမ္မာရုံကို တောင်းခံခဲ့ရာ ဂေါပက အဖွဲ့က ငြင်းဆိုခဲ့သည်။ လိုအပ်ပါက ရွှေကူ(၁) လခွဲကျောင်း နှင့် ဝါရုံမူလွန်ကျောင်း ကို ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုရမည်ဟုလည်း ၎င်းက ဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက မေတ္တာရပ်ခံအကြောင်းကြားတယ်။ ဂေါပက အဖွဲ့အစည်းဝေး ဆုံးဖြတ်ချက်နဲ့ စာကို ပြန်လည်ရုတ်သိမ်းပေးဖို့ ပြန်လည်တင်ပြတယ်။ မဖြစ်မနေ ထားရမယ်ဆိုရင်တောင် စည်းကမ်းချက်သတ်မှတ်ပြီး ဘုရားရင်ပြင်တော်ပေါ်မှာပဲထားနိုင်မယ်လို့ အကြောင်းပြန်တယ်”ဟု နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးက ဆိုသည်။

ဝါဆိုဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်များကို ချက်ပြုတ်စားသောက်ခွင့် မပေး ၊ ရေမီးသုံးစွဲခွင့် ကန့်သတ်ထားသည့် အတွက် ဇူလိုင် ၁၇ ရက် တွင် အိမ်ထောင်စု ၂၀ ခန့် မူလ နေရာသို့   ပြန်လည်ပြောင်း ရွှေ့သွားကြောင်းလည်း ကယ်ဆယ်ရေးစခန်းနေဒုက္ခသည်များက ပြောသည်။

“အဓိက ရေပေါ့ ရေ ၊ သောက်ဖို့ ရေလိုတယ်။ ထမင်းက ဒီမှာ ချက်စားခွင့်မပေးဘူး။ ဝယ်စားရတယ်။ ထမင်းလိုတယ်”ဟု ဝါဆိုဘုန်းတော်ကြီး ကျောင်းအတွင်းနေထိုင်သူ ရေဘေးသင့်အမျိုးသမီးတစ်ဦးက ဆိုသည်။

နဝင်းချောင်းကူးတံတားချဉ်းကပ်လမ်းဘေးတွင် ယာယီတဲထိုးနေထိုင်သူ မတင်တင်မိုးက “အခုချောင်းထဲက ရေပဲ ခပ်သောက်နေရတယ်။ အဝီစိတွင်းတွေက အကုန်မြှုပ်ကုန်လို့”ဟုဆိုသည်။

“ရေတုံကင်တွေမြှုပ်ကုန်လို့ ရပ်ကွက်ထဲက ရေဝယ်သုံးနေရတယ်။ ဖြစ်နိုင်ရင် ရေလာလှူစေချင်တယ်” ဟု နဝင်းတာရိုးတွင် နေထိုင်သူ ကိုကျော်မင်းသူက ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် ဝါဆိုဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု ၆၀ ကျော် ၊ နဝင်းတာရိုးပေါ်တွင် အိမ်ထောင်စု ၉၂ ခု ၊ နဝင်းချောင်းကူးတံတားချဉ်းကပ်လမ်းဘေးတွင် အိမ်ထောင်စု ၁၅ ခု   နေထိုင်နေကြပြီး ရွှေပလ္လင်မှော် အောက်ချိုင့် ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများ နေစရာမရသေးပေ။

 ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၂ နာရီ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၄၀ စင်တီမီတာ ရှိပြီး ၊ နေ့လည် ၂ နာရီ ခွဲတိုင်းတာရရှိချက်အရ ၂၈၄၁ စင်တီမီတာ ရှိပြီး စိုးရိမ်ရေအမှတ်  ၂၉၀၀ စင်တီမီတာ ရောက်ရန် ၆၀ စင်တီမီတာသာ လိုတော့သည်။ ရေတက်နှုန်း တစ်နေ့ ၆ လက်မ ရှိသည့်အတွက်  နောက်လေးရက်တွင် စိုးရိမ်ရေအမှတ်သို့ရောက်နိုင်သည်ဟု   ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly