ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (နိဂုံးပိုင်း)

17 July 2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (နိဂုံးပိုင်း)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာဦးသီဟစော ဒီမှာ ဆက်သွယ်ရေးဥပဒေကို သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ပြင်လို့ရတယ်။ ဒါမှမဟုတ်ရင်  ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်ကနေ တင်ပြီးတော့လည်း ပြင်လို့ရတယ်ဆိုတော့ ဒီမှာ ပါတီကနေပြီးတော့မှ ထိန်းထားတယ်ဆိုတဲ့ ဗဟိုစီမံချက်တွေလည်း ထွက်လာတယ်။ ဆိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ကရော ဒီဟာကို တစ်စုံတစ်ခု လုပ်သင့်တယ်လို့ မထင်ဘူးလား။

ဦးသီဟစော (Executive Director)

မြန်မာ သတင်းပညာသိပ္ပံ

အမှန်ကတော့ ထုံးစံအတိုင်း သူက ဘာလဲဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ဒီဥပဒေက ပေါ်လာတုန်းက ဆရာတို့လည်းသိပါတယ် ဟိုးတုန်းက ဗြိတိသျှခေတ်က အဲဒီတုန်းကတော့ အဝေးကိုဆက်သွယ်ဖို့ ကြေးနန်းပဲရှိတော့ ကြေးနန်းဥပဒေ အဲဒါကို ခေတ်နဲ့လျှော်ညီအောင် ပြင်လိုက်တယ်။ ပြင်တော့ အခုကြုံနေရတဲ့ အသံလွှင့်တွေရော မိုဘိုင်းလုပ်ငန်းတွေရော ဥပဒေဖြစ်အောင် ပြန်ရေးတယ်။ ပြန်ရေးတဲ့အခါကျတော့ အဲဒီလုပ်ငန်းတွေအတွက် လိုင်စင်ဘယ်လိုပေးမလဲ။ လုပ်ငန်းရှင်တွေကို ဘယ်လိုခွင့်ပြုမလဲ ဘယ်လို Frequency နဲ့ ခွင့်ပြုမလဲဆိုတာ အဲဒါတွေကို အဓိကရေးတာ။

ဒါပေမယ့် နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့ ပြစ်ဒဏ်တွေပါတယ်။ ဒါက ဆက်သွယ်ရေးဝန်ကြီးဌာနက ပြင်ချင်စိတ်ရှိတယ်ဆိုရင်တော့ သူက တင်ခွင့်ရှိတယ်။ သို့တည်းမဟုတ် အခုကတော့ ပွင့်ပွင့်လင်းလင်း   ပြောရလို့ရှိရင် အများစုရဲ့ လက်သန်းနဲ့ပေးတဲ့ အစိုးရဖြစ်လာတယ်။ ဒါပေမယ့် အတိုက်အခံဆိုတာ အင်မတန်နည်းတယ်။ ဒါပေမယ့် အတိုက်အခံဖြစ်ပါစေ အရွေးချယ်ခံအမတ်ဖြစ်လို့ရှိရင် သူက တင်ခွင့်ရှိတယ်။ တစ်ခုတော့ရှိတာပေါ့ လွှတ်တော်ထဲမှာက အမတ်အများစုရှိတဲ့ ပါတီကတော့ အမြဲတမ်း အသာစီးရနေမှာပဲ။ တစ်ယောက်က တိုင်းရင်းသားပါတီတစ်ခုကဖြစ်စေ အတိုက်အခံပါတီ တစ်ခုကဖြစ်စေ တင်တယ်ဆိုပါစို့ ဥပမာဆိုပါစို့ တပ်မတော်ကတင်တယ်ဆိုပါစို့ တင်တယ်ဆိုတာတောင်မှပဲ အများစုကနေ Sorry ပဲ မပြင်ဘူးဆိုရင်လည်း ဖြစ်တာပဲ။ အဲတော့ သဘောက လွှတ်တော်ထဲမှာရှိနေတဲ့ အမတ်အများဆုံးရတဲ့အပါတီက လိုလိုလားလားနဲ့ ပြင်ဖို့လိုတယ။် ပြင်ချင်တဲ့စိတ် ရှိမှလည်း ပြင်ဖြစ်မှာဖြစ်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဆရာဦးရောဘတ်ဆန်းအောင်လည်း ပြောပေးပါဦး။ ဒီ ဝန်ကြီးဌာနအနေနဲ့ရော ဘာလုပ်သင့်သလဲ။

ဦးရောဘတ်ဆန်းအောင် (တရားလွှတ်တော်ရှေ့နေ)

ဝန်ကြီးဌာနကလည်း သူ့ဥပဒေက တော်တော်လေး လူပြောများလာပြီဆိုရင် သူတို့က ပြန်လည်ဆင်ခြင်ပြီးတော့ ပြင်ဆင်ရေးအတွက်ကို ဆောင်ရွက်ရမှာပဲ။ အဲတော့ ဒါ လွှတ်တေ်ာအဆင့်ဆင့်ကို ပို့ရမယ်။ မဟုတ်လို့ရှိရင် ဝန်ကြီးဌာနနဲ့ ပြည်သူကြားမှာ အမုန်းတရားတွေ ပွားလာလိမ့်မယ်။ အဲတော့ အခုဆိုရင် ဝန်ကြီးဌာနက ဘယ်လောက်ထိအောင် ဘောင်ချဲ့လာလဲဆိုတော့ နှစ်ဦးနှစ်ဖက် ကြေအေးလို့ ရုပ်သိမ်းမယ်ဆိုရင်တောင်မှ ပုဒ်မ ၄၉၄ အရ တရားသူကြီးက ရုပ်သိမ်းခွင့်ပေးလို့မရဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာနက ရုပ်သိမ်းခွင့်ပြုမှ သဘောတူညီမှဆိုတော့ ဒီဆက်သွယ်ရေးဥပဒေမှာ မပါတဲ့အာဏာကို ဖန်တီးပြီးတော့ ကျင့်သုံးနေတယ်။ ဒါက မှားနေတယ်။ အဲတော့ သာကေတမှာဆိုရင် ကျွန်တော်အမှုသည် လင်မယားပါ ကွဲသွားရော။ လေးလလောက် ကြာသွားတယ်။ အဲတော့ ဝန်ကြီးဌာနက ဒါကို ကိုယ်တိုင်ကလည်း ဥပဒေအတိုင်း ကျင့်သုံးပါ။ ဥပဒေမှာ ဒီလို ပြောတာတွေ များလာရင် ပြင်ဖို့ကိုလည်း စဉ်းစားဖို့အတွက်ကို လုပ်ပေးပါ။ ကျွန်တော်ကတော့ အဲဒါပဲ ပြောချင်တယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အချိန်လေးကလည်း နည်းနည်းလင့်လာပြီဆိုတော့ နိဂုံးချုပ်ရအောင်ပေါ့။ အတိုချုပ်အနေနဲ့ပေါ့ အဲတော့ ဝန်ကြီးဌာနကလည်း လိပ်ခဲတည်းလဲ ဖြစ်နေတယ်။ လွှတ်တော်အမတ်တွေကလည်း ပါတီကနေ ထိန်းချုပ်ထားတယ်လို့ သတင်းတွေ ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့ ဘာတွေများ ဆက်လုပ်သင့်လဲ။

ကိုမိုဃ်းသွေး (ဥက္ကဋ္ဌ)

Generation Wave

ဘာဆက်လုပ်သင့်လဲဆိုတော့ ကျွန်တေ်ာတို့ အရပ်ဖက်အဖွဲ့အစည်းတွေရော နောက်ပြီးတော့ သတင်းမီဒီယာသမားတွေရော ပြည်သူလူထုရော ကျွန်တော်တို့မှာတော့ ရှေ့မှာ ကျွန်တော်ပြောသလိုပဲ အုပ်ချုပ်ရေး ဥပဒေပြုရေး ဒီအာဏာတွေမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာတော့ နိုင်ငံသားအခွင့်အရေး လွတ်လပ်စွာ ပြောခွင့် ဆိုခွင့် ထောက်ပြခွင့် ရှိနေသေးတယ်ပေါ့။ အဲတော့ ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ နည်းလမ်းပေါ့နော် အစိုးရကို  နည်းလမ်းတွေနဲ့ ကျွန်တော်တို့ ကျင့်ဝတ်နဲ့ညီတဲ့ နည်းလမ်းတွေကနေ ကျွန်တော်တို့ ပြန်ပြီးတော့မှ ထောက်ပြတာတွေ ဝေဖန်တာတွေ အသံကျယ်ကျယ်လောင်လောင်နဲ့ တိုက်တွန်းတာတွေ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။

နောက်တစ်ချက်က ကျွန်တော် ဒီကနေပြီးတော့လဲ နည်းနည်းလေးလည်း တိုက်တွန်းပြီးတော့ ပြောချင်တယ်။ ဥပမာဆိုလို့ရှိရင် Eleven Media ကိစ္စမှာဆိုရင် ၆၆(ဃ)နဲ့ တရားစွဲလိုက်တာရှိတယ်။ စွဲလိုက်ပြီးတော့ နောက် ခနလောက်ကြာတဲ့အခါမှာ ဆရာသန်းထွဋ်အောင်တို့ဘက်ကနေ ပြန်ပြီးတော့မှ တောင်းပန်တယ်ဆိုတဲ့ဟာမျိုးပေါ့ အဲလိုမျိုး မေတ္တာရပ်ခံတယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတဲ့အခါမှာ ပြန်ပြီးတော့ အမှုကို ရုတ်သိမ်းသွားတယ်။ ဆိုတော့ ဘာနဲ့တူလာသလဲဆိုတော့ ရှင်ဘုရင်က အမျက်သင့်လို့ရှိရင် ထောင်ထဲကိုထည့်လိုက်မယ် အဲတော့ အမျက်တော်ဖြေတဲ့လင်္ကာ တစ်ခုခု ဆက်ပြီးတော့ ဘုန်းတော်ဘွဲ့ ပြန်ပို့ပေးရင်တော့ ပြန်ထုတ်ပေးတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတယ်။ ဒါ အာဏာရှင်စနစ်ကို တကယ်ဖြစ်လာစေတဲ့ ဥပဒေမျိုးတွေပေါ့။ တစ်ခုတည်းမဟုတ်ပါဘူး တခြားဥပဒေတွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုအတားအဆိးမျိုးတွေကို ကျွန်တော်တို့ သတိရှိရှိနဲ့ အားလုံးက ဝိုင်းဝန်းပြီးတော့မှ ပြင်ဆင်ဖို့ လိုပါတယ်လို့ ကျွန်တေ်ာကတော့ ပြောချင်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာဦးသီဟစော ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့ရော ဘာလုပ်သင့်သလဲ။

ဦးသီဟစော (Executive Director)

မြန်မာ သတင်းပညာသိပ္ပံ

မီဒီယာသမားတွေကတော့ တကယ်တမ်းပြောရင် ကျွန်တော်တို့မှာက ကျွန်တော်တို့ဆိုတာက မြန်မာနိုင်ငံက မီဒီယာသမားတွေတင်မကဘူး တစ်ကမ္ဘာလုံး ကျင့်သုံးရေးဆွဲထားတာတွေကို ကြည့်ပြီးတော့ သတင်းမီဒီယာဥပဒေမှာ ရေးထားပြီးသား။ အဲဒီ သတင်းမီဒီယာ ဥပဒေမှာရှိတဲ့ ကျင့်ဝတ်အတိုင်း နေမယ်ဆိုရင်တော့ အဲဒါက အန္တရာယ်ကင်းမယ်။ သတင်းသမား Journalist သမားဆိုတာကတော့ အန္တရာယ်များမှာပဲ။ ဒီမိုကရေစီပိုရလေ သတင်းသမားတွေက အလုပ်ပိုများလေ အန္တရာယ်ပိုများလေပဲ။ ဒါပေမယ့် အဲဒီကျင့်ဝတ်တွေကို ကျွန်တော်က ဥပမာ တင်စားဘူးတယ်။ ကျင့်ဝတ်က ကိုယ့်အတွက် ကျည်ကာအိင်္ကျီလိုဖြစ်တယ်။ ကျင့်ဝတ်နဲ့ ညီအောင်ဆိုလို့ရှိရင် တော်ရုံတန်ရုံ အမှုကိစ္စ မဖြစ်ဘူူး။ ကာကွယ်လို့ရတယ်လို့ ပြောထားတာရှိတယ်။ ဒါပေမယ့် တော်ရုံတန်ရုံ ကိစ္စဆိုလို့ရှိရင် တချို့ဟာတွေက တော်ရုံတန်ရုံကိစ္စမဟုတ်လို့ တော်တော်လေး ဆိုးလာပြီဆိုရင် တစ်ခုသတိထားမှာက ကျွန်တော်ပြောချင်တာက ဒီ ဆိုရှယ်မီဒီယာဆိုတဲ့အပေါ်မှာ အစိုးရရဲ့သဘောထား ဝန်ကြီးဌာနရဲ့ သဘောထား လူထုရဲ့အမြင်ပေါ့နော်။ ဆိုရှယ်မိဒီယာက သူတို့က ဘယ်လိုပြောနေလဲဆိုရင် ဆိုရှယ်မီဒီယာက ပြန့်နှံ့မှုက အရမ်းမြန်တယ်။ ဟုတ်ပါတယ်။ မြန်တယ်။ ပြန့်နှံ့မှု အရမ်းလည်းများတယ်။ ကျွန်တော်က အစတုန်းက သတင်းစာမှာ ကြေးမုံတို့ မြန်မာ့အလင်းတို့မှာက အစောင်ရေ တစ်သိန်း နှစ်သိန်းပေါ့ သူက ဒီဆိုရှယ်မီဒီယာထဲမှာ လူပေါင်း သန်း ၂၀ သုံးတယ်။ ၃၀ သုံးတယ်။ ချက်ချင်း အပြန့်မြန်တယ်။ ဒါကြောင့်မို့ အဲဒါကြီးကို ကြောက်လို့ သူတို့က လုပ်ရပါတယ်လို့ ပြောတယ်။ ဆိုတော့ ဆိုရှယ်မီဒီယာအပေါ် ထားတဲ့သဘောထားကိုလည်း အစိုးရက ပြန်သုံးသပ်ဖို့လိုတယ်။ ဒါကို ဒီလိုမရေးမိပဲနဲ့ ဘယ်လိုရေးမိလဲ ဒီလိုမျိုး Social Media Index ကို ကြောက်ပြီးတော့ အရေးယူပေမယ့် မဆိုင်တဲ့သူတွေ ပါကုန်မယ။် သတင်းသမားတွေ ပါကုန်မယ်။ သာမန် သွေးရိုးသားရိုးနဲ့ ရေးတဲ့ Freedom of Expression အရ ပြောတယ်ဆိုတာတွေ ပါကုန်မယ်။ အဲဒါမျိုးအတွက်ကို အများကြီး စဉ်းစားဖို့ လိုမယ်လို့ ထင်တယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဆရာ ဦးရောဘတ်ဆန်းအောင် ပြောပေးပါဦးခင်ဗျ။

ဦးရောဘတ်ဆန်းအောင် (တရားလွှတ်တော်ရှေ့နေ)

ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ ဒါက ပြင်မယ်ဆိုရင် လွှတ်တော်အဆင့်နဲ့ ပြင်ရမယ်။ လွှတ်တော်အဆင့်မှာ ကြိုးစားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေကိုလည်း ကျွန်တော်တို့က အလေးအမြတ် ပြုပါတယ်။ ပြောချင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တာ အဲတော့ စဉ်းစားကြပေါ့။ လူထုနဲ့ လက်တွဲမဖြုတ်ပါနဲ့ အဲဒါပဲ ကျွန်တော်တို့ကတော့ လွှတ်တေ်ာကိုယ်စားလှယ်ကြီးတွေကို မေတ္တာရပ်ခံချင်တာပါ။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်- http://www.mizzimaburmese.com/article/28615

အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/28655

အပိုင်း (၃) ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/28903

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly