တိုင်းနှင့်ပြည်နယ်ရှိ မ.ဘ.သ ဆိုင်းဘုတ်များ ဖြုတ်မဖြုတ် မဟန စောင့်ကြည့်နေဆဲ

တိုင်းနှင့်ပြည်နယ်ရှိ မ.ဘ.သ ဆိုင်းဘုတ်များ ဖြုတ်မဖြုတ် မဟန စောင့်ကြည့်နေဆဲ
ဓာတ်ပုံ-ဦးဝီရသူ (မစိုးရိမ်) ဖေ့ဘွတ်ခ်

ရန်ကုန်၊ ဇူလိုင် ၁၇ ။                  ။ မ.ဘ.သ ဆိုင်းဘုတ်များကို အသက်နှင့်လဲပြီး ကာကွယ်သွားမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ဆိုခဲ့ပြီးနောက် မဟနအနေဖြင့် အခြေအနေစောင့်ကြည့်နေသည့် သဘောရှိကြောင်း မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ (သာသနာရေး) ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“ လောလောဆယ် ဘာမှမလုပ်သေးပါဘူးခင်ဗျ။ ကျွန်တော်တို့က သံဃာ့မဟာနာယကရဲ့ ညွှန်ကြားချက်အရပဲ လုပ်နေတာလေ ။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကလည်း အခြေအနေစောင့်ကြည့်နေတဲ့ သဘောကတော့ ရှိမှာပဲ ။ လောလောဆယ်တော့ ဘာမှလုပ်ဖို့ မရှိသေးပါဘူး ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မ.ဘ.သ ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက အဆိုပါဆိုင်းဘုတ်များကို အသက်နှင့် လဲကာကွယ်သွားမည်ဟု ဇူလိုင်လ ၁၆ ရက်က လူမှုကွန်ယက်တွင် ပြောဆိုထားသည်။

“ အရင်တုန်းက သည်းခံခဲ့သော်လည်း ဒီတစ်ခါတော့ သည်းခံဖို့ မသင့်တော့ဘူးလို့ ဆုံးဖြတ်ထားပြီး မ.ဘ.သ ဆိုင်းဘုတ်များကို အသက်နဲ့ လဲပြီးတော့ ကာကွယ်သွားမှာပါ” ဟု ဦးဝီရသူက လူမှုကွန်ယက် တွင် ရေးသားထားသည်။

အမျိုးဘာသာ သာသနာစောင့်ရှောင့်ရေးအဖွဲ့ “မ.ဘ.သ “ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန် မဟန ၄၇ ပါးစုံညီအစည်းအဝေးက ကြေညာထားသည်။
 
မဟန ၏ဆုံးဖြတ်ချက်အတိုင်း ဇူလိုင် ၁၅ရက် နောက်ဆုံးထားကာ မ.ဘ.သ ဆိုင်းဘုတ်များကို ဖြုတ်လဲခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနက သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့တို့၏ မ.ဘ.သ ဆိုင်းဘုတ်များကို လက်ရှိချိန်တွင် ဖြုတ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မ.ဘ.သ (ဗဟို) မှ  ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) ဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး ဆိုင်းဘုတ်များကို အသစ်တပ်ဆင်ထားပြီး ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပက်သတ်ပြီး သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က ဓမ္မစက်ဖြင့် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် မလိုက်နာပါက သက်ဆိုင်ရာ အာဏာပိုင်များက အာဏာစက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်က ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly