Star Sixes ပြိုင်ပွဲတွင် ဒိန်းမတ်ကို အနိုင်ယူပြီး ပြင်သစ်အသင်း ဗိုလ်စွဲ

Star Sixes ပြိုင်ပွဲတွင် ဒိန်းမတ်ကို အနိုင်ယူပြီး ပြင်သစ်အသင်း ဗိုလ်စွဲ

ဇူလိုင် ၁၇၊ အင်္ဂလန် ။                 ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ O2 Arena တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် Star Sixes  ရုံတွင်းဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ပြင်သစ်အသင်းက ဒိန်းမတ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

Star Sixes ပြိုင်ပွဲဆိုသည်မှာ နာမည်ကျော် ဘောလုံးသမားဟောင်းများက သူတို့နိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ကစားကြသည့် ပြိုင်ပွဲဖြစ်သည်။ တစ်သင်းတွင် ကစားသမား ၁၀ ဦးပါဝင်ပြီး ၆ ဦးကစားခြင်း ဖြစ်သည်။

ယခုပြိုင်ပွဲတွင် အိမ်ရှင်အင်္ဂလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘရာဇီး၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ အီတလီ၊ တရုတ်၊ မက္ကဆီကို၊ နိုက်ဂျီးရီးယားနှင့် စကော့တလန်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

နာမည်ကျော်ကစားသမားများဖြစ်သည့် ဂျရတ်၊ အိုဝင်၊ ပီရက်စ်၊ ရီဗယ်ဒို၊ ပူယိုးလ်၊ မိုရီယန်းတက်စ်၊ မိုက်ကယ်ဘောလက်၊ အိုကိုချာ၊ ဒယ်ပီယာရို၊ ဒေကို၊ ကားလို့စ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

လေးသင်းသုံးအုပ်စုခွဲပြီး၊ ကွာတား၊ ဆီမီး အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ကြရာ ဆီမီးဖိုင်နယ်တွင် စပိန်နှင့်ပြင်သစ်၊ ဘရာဇီးနှင့်ဒိန်းမတ်တို့ တွေ့ဆုံခဲ့ကြသည်။ ဆီမီးတွင် ပြင်သစ်က စပိန်ကို ၅-၂ ဂိုး၊ ဒိန်းမတ်က ဘရာဇီးကို ၄-၂ ဂိုးဖြင့် အသီးသီးအနိုင်ရကာ ပြင်သစ်နှင့် ဒိန်းမတ်တို့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ပြင်သစ်အတွက် အနိုင်ဂိုးများကို ဂူလီနှင့်ဂေါ်ကပ်ဖ်တို့က သွင်းယူပေးခဲ့ပြီး ဒိန်းမတ်အတွက် ချေပဂိုးတစ်ဂိုးကို ဂျန်ဆန်က သွင်းယူပေးခဲ့သည်။

ပြိုင်ပွဲတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဆုကို စပိန်မှ ဆယ်လ်ဂါဒိုက သွင်းဂိုး ၉ ဂိုးဖြင့် ရရှိခဲ့ပြီး အကောင်းဆုံးဘောလုံးသမားဆုကို ဒိန်းမတ်ကစားသမား ခရစ္စဆိုရန်ဆင်က ရရှိခဲ့သည်။

ချန်ပီယံပြင်သစ်အသင်းတွင် ပီရက်ဇ်၊ ဂူလီ၊ ဂေါ်ကပ်ဖ်၊ ဒါကုတ်၊ ဂါးလက်စ်၊ အဘီဒယ်၊ ဂိုးသမားဆီဗက်စတီယန်ဖရိုင်း၊ ဒါဆယ်လီ၊ ချေရူးနှင့် ဗင်းဆင့်ကန်ဒယ်လာတို့ ပါဝင်ခဲ့ကြသည်။

တတိယနေရာလုပွဲတွင် စပိန်အသင်းက ဘရာဇီးအသင်းကို ၁၁ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags