လွှတ်တော် ဒု-ဥက္ကဋ္ဌသစ် ဦးမြသန်းကို ပါတီမှအရေးယူမည်ဟု ဆို

လွှတ်တော် ဒု-ဥက္ကဋ္ဌသစ် ဦးမြသန်းကို ပါတီမှအရေးယူမည်ဟု ဆို

ရခိုင်ပြည်နယ်လွှတ်တော်တွင် လစ်လပ်နေသည့် ဒု-ဥက္ကဋ္ဌ နေရာကို ပါတီ၏ခွင့်ပြုချက်မရှိဘဲ သတ်မှတ်စည်းကမ်းချက်များကို ကျော်လွန်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမြသန်းအား အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဦးမြသန်းမှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သော်လည်း အဆိုပါ နေရာတွင် အစားထိုးတာဝန်ပေးအပ်ရန်အတွက် ဦးအောင်ဝင်းကိုသာ ပါတီမှ ရွေးချယ်ထားခဲ့ရာ ပါတီ၏ စည်းကမ်းချက်များကို ချိုးဖောက်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးမြသန်းအား ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တင်ပြပြီး အမြန်ဆုံး အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပါတီက နေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေအကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ မဖြစ်ရအောင်ဆိုပြီး လစ်လပ်နေတဲ့နေရာမှာ အစားထိုးဖို့အတွက်  စည်းကမ်းချက် ၄ ချက်အပေါ်မှာ မူတည်ပြီးတော့ လူရွေးချယ်ခဲ့ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၁ ယောက်ထဲက ၄ ယောက်ဟာ သတ်မှတ်စည်းကမ်း တွေနဲ့ ကိုက်ညီပါတယ်။ ၂ ယောက်တည်းသာ ဝင်ပြိုင်ခဲ့ပါတယ်။ ဦးအောင်ဝင်းကို ဒု-ဥက္ကဋ္ဌလောင်း အဖြစ် တာဝန်ပေးပါတယ်။ ဒီလိုလုပ်ရတာက အရင်ကလည်း ပါတီမှာ ရာထူးအာဏာအတွက် ဆန့်ကျင်သွားကြတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေ မဖြစ်ရအောင်ဆိုပြီး လုပ်ခဲ့တာပါ”ဟု ရခိုင်အမျိုးသားပါတီ ANPအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဇွန်လ (၁၇) ရက်နေ့တွင် ကွယ်လွန်သွားသော ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းနေရာတွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် မြေပုံမြို့နယ်မှ မဲဆန္ဒနယ် အမှတ် (၂)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းကို ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

 “ကျွန်တော်ကို ပါတီကနေ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ နောက်မှသိရတာပါ။ ဒု-ဥက္ကဋ္ဌနေရာကို ရွေးချယ်တဲ့အခါမှာ ပါတီကရွေးချယ်ထားသူအပြင် တခြားလူတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြု ဆိုတဲ့ ဆုံးဖြတ်ချက် မရှိဘူး ခင်ဗျား။ ဒါကြောင့် ကျွန်တော်ဟာ ပါတီရဲ့စည်းမျှည်းစည်းကမ်းတွေကို ချိုးဖောက်ရာ မကျပါဘူး”ဟု ဦးမြသန်းက တုံ့ပြန်ပြောကြားသည်။

ဦးမြသန်းမှာ လွှတ်တော်ဒု-ဥက္ကဋ္ဌ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ မိမိစိတ်သဘောဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း မဟုတ်ဘဲ ရမ်းဗြဲမဲန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် (ဝန်ကြီး) ဦးကျော်လွင်၏ အဆိုတင်သွင်းမှုကြောင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရခြင်းဖြစ်ကာ ပါတီမှချမှတ်ထားသည့် စည်းမျှည်းစည်းကမ်းများတွင်လည်း တစ်စုံတစ်ရာထိခိုက်မှုမရှိနိုင်သည့် အတွက် ယင်းအဆိုပြုချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ANP ပါတီမှ ရွေးချယ်ခြင်းခံခဲ့ရသည့် ကိုယ်စားလှယ် ဦးအောင်ဝင်းမှာ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် ၁ မဲဆန္ဒ နယ်မှဖြစ်ပြီး ဦးမြသန်းမှာ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဖြစ်သည်။

“အခုလိုမျိုး စည်းကမ်းတွေကို ဖောက်ဖျက်လို့ရှိရင် အရေးယူမယ်။ ထုတ်ပယ်မယ်ဆိုတာကို သိသိရက်နဲ့ကို လုပ်သွားတာဖြစ်ပါတယ်။ ဒီရလဒ်အပေါ်မှာ ပါတီအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ပါတီအပေါ်မှာလည်း ဝေဖန်မှုတွေ၊ ရှုတ်ချမှုတွေ ဖြစ်စေခဲ့ပါတယ်။ အခုလိုဖြစ်ရတာဟာ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကျွန်တော်မှာပဲ တာဝန်ရှိတယ်လို့ ခံယူပါတယ်။”ဟု ရခိုင်အမျိုးသားပါတီ ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆက်လက်ပြောကြားသည်။

လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဖိုးမင်း (ခ) ဘိုးမင်းမှာ ပါတီ၏ CEC တစ်ဦးဖြစ်ပြီး ပါတီမှရွေးချယ်တင်မြောက်ခဲ့သူဖြစ်ကာ လက်ရှိဥက္ကဋ္ဌ ဦးစံကျော်လှမှာလည်း ANP ပါတီမှ ရွေးချယ်တင်မြှောက်ထားသူဖြစ်သည်။  

ယင်းအပြင် လက်ရှိတွင် လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် အနိုင်ရရှိသွားသူ ဦးမြသန်းမှာ ယခင်က ဥပဒေအရာရှိတစ်ဦး ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူပြီး ပါတီတွင်ဝင်ရောက်လုပ်ကိုင်ကာ ရခိုင်အမျိုးသားပါတီ (မြေပုံ)မြို့နယ်၏ ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိလာခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးအောင်ဝင်းမှာ ၂၀၁၀ ခုနှစ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၏ မြေပုံမြို့နယ် ပါတီဥက္ကဋ္ဌ တာဝန်နှင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း ထပ်မံအနိုင် ရရှိလာခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ပါတီ၏ CEC အဖွဲ့ဝင်အဖြစ်လည်းကောင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကာင်း တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly