နိုင်ဂျီးရီးယားတွင် ဓာတ်ငွေ့သိုလှောင်ကန် ပေါက်ကွဲ၍ ကိုးဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားတွင် ဓာတ်ငွေ့သိုလှောင်ကန် ပေါက်ကွဲ၍ ကိုးဦးထက်မနည်း သေဆုံး

ဇူလိုင် ၁၇ ။            ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ  လောင်စာသိုလှောင်စခန်းတစ်ခုတွင် ဇူလိုင်လ ၁၆ ရက်က ဓာတ်ငွေသိုလှောင်ကန်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ဆယ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။

နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ Calabar ရှိ  ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Linc ပိုင် လောင်စာသိုလှောင်စခန်းဝန်းအတွင်း အဆိုပါ ပေါက်ကွဲမှု ကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး   ပေါက်ကွဲမှု ဖြစ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း Cross River ပြည်နယ် ရဲတပ်ဖွဲ့မှူး Hafiz Inuwa က ပြောသည်။

" ခုထိတော့ ကိုးဦးသေဆုံးတယ်လို့ အတည်ပြုထားပါတယ်၊ အခြားလူတော်တော်များများလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြပါတယ်၊ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုတော့ ဒီက တာဝန်ရှိတဲ့ မန်နေဂျာက ရှင်းမပြနိုင်သေးပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

အာဖရိကဒေသ၏ အကြီးဆုံး ရေနံထုတ်လုပ်သူနှင့် လူဦးရေအများဆုံး နိုင်ငံ နိုင်ဂျီးရီးယားတွင် ထိုကဲ့သို့ လောင်စာ ပေါက်ကွဲမှုဖြစ်စဉ်များမှာ မကြာခဏဆိုသလို ပေါ်ပေါက်ထားခဲ့သည်ဟုလည်း သိရသည်။

အလားတူ နိုင်ငံတွင်း သွယ်တန်းထားသော ရေနံပိုက်လိုင်းများမှာလည်း ရေနံသူခိုးများ လက်ချက်ကြောင့် ပျက်စီးမှုများရှိနေပြီး ယင်းအတွက်ကြောင့်လည်း မတော်တဆမှုများလည်း ပေါ်ပေါက်နေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly