မြောက်ကိုရီးယားနှင့် စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားလိုသည်ဟု တောင်ကိုရီးယား ကမ်းလှမ်း

မြောက်ကိုရီးယားနှင့် စစ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားလိုသည်ဟု တောင်ကိုရီးယား ကမ်းလှမ်း

ဇူလိုင် ၁၇ ။                ။ တင်းမာမှုများ လျှော့ချနိုင်ရေး ရည်ရွယ်သည့်အနေဖြင့် အိမ်နီးချင်းမြောက်ကိုရီးယားနှင့် ပြန်လည်တွေ့ဆုံဆွေးနွေးသွားလိုကြောင်း တောင်ကိုရီးယားဘက်က ရှားရှားပါးပါး ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ရန်လိုနေသည့် ပြုံယမ်းအာဏာပိုင်များနှင့် တွေ့ဆုံကာ စစ်ရေးပိုင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးချင်ကြောင်း ဆိုးလ်မြို့ အာဏာပိုင်များက အဆိုပြုကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ယခုလို တောင်ကိုရီးယားတို့ဘက်က ပြေရာပြေကြောင်း ကမ်းလှမ်းလိုက်ခြင်းအားဖြင့် ပြီးခဲ့တဲ့သီတင်းပတ်များအတွင်းက ပထမသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို စမ်းသပ်ပစ်လွှတ်ထားခဲ့သော   မြောက်ကိုရီးယားနှင့်အကြား တင်းမာမှုများကို ဖြေလျှော့နိုင်ရန် ရည်ရွယ်လိုက်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဘက်က ယခု တွေ့ဆုံဆွေးနွေးမှုကို လာမယ့် ဇူလိုင် ၂၁ ရက်တွင် နယ်စပ် အပစ်ရပ်ကျေးရွာ Panmunjom တွင် ကျင်းပသွားချင်ကြောင်း ကမ်းလှမ်းတောင်းဆို ထားကြောင်းလည်း သိရသည်။

တောင်ကိုရီးယားတို့အနေဖြင့် သမ္မတသစ် မွန်ဂျေအင်းလက်ထက် အိမ်နီးချင်းနိုင်ငံနှင့်အကြား ငြိမ်းချမ်းလိုသည့် သဘောထားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။

အလားတူ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားခဲ့ကြသည့် မိသားစုများ ပြန်လည်ဆုံဆည်းနိုင်ရေး တွေ့ဆုံပွဲတစ်ခု ကျင်းပဆွေးနွေးသွားရေးအတွက်ကိုလည်း ဆိုးလ်မြို့ ကြက်ခြေနီအဖွဲ့ကလည်း သီးခြားတောင်းဆိုမှုတစ်ခု ပြုလုပ်ထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags