လာဇီယိုနှင့်စာချုပ်ချုပ်ဆိုရန် လီဗာပူးလ်ကွင်းလယ်လူ လူးကပ်စ် ရောမမြို့သို့ ရောက်ရှိ

လာဇီယိုနှင့်စာချုပ်ချုပ်ဆိုရန် လီဗာပူးလ်ကွင်းလယ်လူ လူးကပ်စ် ရောမမြို့သို့ ရောက်ရှိ

ဇူလိုင် ၁၇၊ အီတလီ ။              ။ လီဗာပူးလ်အသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား လူးကပ်စ်သည် လာဇီယိုအသင်းနှင့်စာချုပ် ချုပ်ဆိုရန် ရောမမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရောမလေဆိပ်တွင် လူးကပ်စ်သည် လာဇီယိုအသင်း၏လည်စည်းပဝါကို ကိုင်ကာ ဓာတ်ပုံရိုက်ခဲ့သောကြောင့် လာဇီယိုသို့ ရောက်ရှိရန် သေချာသွားပြီ ဖြစ်သည်။

လာဇီယိုအသင်းသည် ၎င်းတို့၏အဓိကကွင်းလယ်ကစားသမား ဘစ်ဂလီယာ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့သွားသောကြောင့် လူးကပ်စ်နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ လူးကပ်စ်အတွက် လာဇီယိုအသင်းက လီဗာပူးလ်သို့ ပြောင်းရွှေ့ကြေးပေါင် ၅ သန်းပေးချေရမည်ဟု သတင်းများက ဆိုသည်။

လူးကပ်စ်သည် ဟောင်ကောင်သို့သွားသည့် လီဗာပူးလ်အသင်း၏ရာသီကြို ခြေစမ်းခရီးစဉ်တွင် ကျန်ရစ်ခဲ့ပြီး အီတလီသို့ လာရောက်ခြင်းဖြစ်သည်။

အသက် ၃၀ အရွယ်ရှိလူးကပ်စ်သည် လီဗာပူးလ်အသင်းတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၁၀ နှစ်ကြာ ကစားခဲ့သူ ဖြစ်သည်။ လီဗာပူးလ်အတွက် ပွဲပေါင်း ၃၄၄ ပွဲကစားပြီး ၇ ဂိုးသွင်းယူပေးခဲ့သည်။ ၁၀ နှစ်အတွင်း လီဗာပူးလ်နှင့်အတူ ရှုံးထွက်လိဂ်ဖလားတစ်လုံးသာ ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags