အမေရိကန်က ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံးကြဲချသည့်နှစ် ရ၀ ပြည့်အထိမ်းအမှတ် ဂျပန် ကျင်းပ

အမေရိကန်က ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံးကြဲချသည့်နှစ် ရ၀ ပြည့်အထိမ်းအမှတ် ဂျပန် ကျင်းပ

အမေရိကန်ပြည်ထောင်စုက ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံးကြဲချခဲ့သည့် နှစ်၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် ဂျပန်ပြည်သူ ထောင်ပေါင်းများစွာမှာ ဟီရိုရှီးမားမြို့တွင် စုရုံးလာခဲ့ကြသည်။

ဟီရိုရှီးမားမြို့လယ်က ငြိမ်းချမ်းရေး အမှတ်တရပန်းခြံတွင် ကျင်းပသည့် အခမ်းအနားသို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပါဝင်လာခဲ့သည့်အပြင် အဏုမြူဗုံးဒဏ်ခံ အသက်ရှင်ကျန်ရစ်သူ ၄၀,၀၀၀၊ ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်ရိုလင်း ကနေဒီ အပါဝင် နိုင်ငံပေါင်း ၁၀၀ ကို ကိုယ်စားပြုသည့် နိုင်ငံခြား ကိုယ်စားလှယ်များလည်း တက်ရောက်လာခဲ့ကြသည်။

''ကမ္ဘာပေါ်မှာ အဏုမြူဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ တစ်ခုတည်းသော နိုင်ငံအနေနဲ့ ကျွန်တော်တို့မှာ အဏုမြူ လက်နက် ကင်းမဲ့တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ချက်ရှိပါတယ်''ဟု အာဘေး ကပြောကြား သည်။

အဏုမြူဗုံးမှာ ကြဲချသည့်နေ့တွင် လူပေါင်း ၁၄၀,၀၀၀ကို အသက်ဆုံးရှုံးစေခဲ့ရုံသာမက ကြဲချပြီးနောက် ရက်ပိုင်း လပိုင်းအကြာတွင်လည်း ဓာတ်ရောင်ခြည်သင့်သည့် လူပေါင်းများစွာမှာ တဖြည်းဖြည်း နာကျင်၍ သေဆုံးခဲ့ကြရသည်ဟုလည်း အာဘေးက ထပ်လောင်းပြောကြားသည်။  

တိုကျိုအစိုးရက ယခုနှစ်နှောင်းပိုင်းတွင် နျူကလီးယားလက်နက်များကို ဖျက်သိမ်းရန် အဆိုတစ်ခုကို ကုလ အထွေထွေညီလာခံသို့ တင်သွင်းမည်ဟုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားသည်။

၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်တွင် အီနိုလာဂေး(Enola Gay)ဟု ခေါ်သည့် အမေရိကန် ဘီ-၂၉ ဗုံးကြဲ လေယာဉ်က ၄,၀၀၀ ကီလိုဂရမ်အလေးချိန်ရှိ ယူရေနီယံဗုံးကို ဟီရိုရှီးမားမြို့ပေါ်သို့ ကြဲချခဲ့ သည့် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လူအုပ်ကြီးက တစ်မိနစ် ငြိမ်သက်၍ ဂါရဝပြုခဲ့ကြသည်။ အခြား လူထောင်ပေါင်းများစွာမှာလည်း မြို့၏ မိုတိုယာဆုမြစ်သို့ လာရောက်စုရုံးကြ၍ မီးအိမ် များ မျှောခဲ့ကြသည်။

နောက်သုံးရက်အကြာ သြဂုတ်လ ၉ ရက်နေ့တွင်လည်း နာဂါဆာကီမြို့ကို အဏုမြူဗုံးတစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ပြန်ရာ နောက်ထပ် လူ ၇၀,၀၀၀ သေဆုံးခဲ့ရပြန်သည်။

ထိုမှနောက်ပိုင်းတွင် အမေရိကန်နှင့် ဂျပန်တို့မှာ ရင်းနှီးသည့် မဟာမိတ်များ ဖြစ်လာခဲ့ကြသော်လည်း အမေရိကန်က အဏုမြူဗုံးများ ကြဲချခဲ့သည့်အတွက် ဂျပန်ကို ဘယ်တုန်းကမှ လူသိရှင်ကြားတောင်းပန် ခဲ့ခြင်း မရှိခဲ့ပေ။

အာဘေး၏အစိုးရက တိုကျို၏ နိုင်ငံတကာ စစ်ရေးအခန်းကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သည့် လူကြိုက် မများလှသည့် ဥပဒေကို အတည်ပြုနိုင်ရန်ကြိုးစားမှုအပေါ် ဝေဖန်မှုများ ပြင်းထန်နေချိန်တွင် ဟီရိုရှီးမား ဗုံးကြဲခံ ရသည့် နှစ်ပတ်လည်အထိမ်းအမှတ် ဆိုက်ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly