ပြည်မြို့တွင် ရေဘေးကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းရန် အစည်းအဝေးပြုလုပ်

ပြည်မြို့တွင် ရေဘေးကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းရန် အစည်းအဝေးပြုလုပ်

ပြည်မြို့၊ ဇူလိုင် ၁၆ ။            ။ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမတွင် ဇူလိုင်လ ၁၆ ရက်နေ့က ရေဘေးကယ်ဆယ်ရေး   ကော်မတီဖွဲ့စည်းရန် အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁၆ ရက်နေ့နေ့လည် ၂ နာရီက ရေဘေးကယ်ဆယ်ရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းရန်အတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ စုစုပေါင်း လူတစ်ရာ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

“ရေက စိုးရိမ်ရေအမှတ် မရောက်သေးဘူး။ သူတို့ အိမ်လေးတွေက ခေါင်မိုးထိတော့မယ် ဆိုတဲ့ အနေအထား ဖြစ်သွားတော့ အဲလိုလူမျိုးတွေ အတွက်မဖြစ်မနေ နေစရာတွေ အဆင်သင့် ဖန်တီးပေးရမယ်။ နောက်တစ်ခု ကျန်းမာရေးစောင့်ရှောက်မှုလဲမဖြစ်မနေ ပေးကိုပေးရမယ်။ သူတို့ အလုပ်တွေ သွားနိုင်တဲ့အနေအထားမရှိတော့ဘူး ။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလာပြီဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ ကျန်တဲ့ အလှူရှင်များ အပေါ် မူတည်ပြီး ပံ့ပိုးမှုတွေလဲရှိလာမှာပါ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

ပြည်မြို့တွင် ဇူလိုင်လ ၁၆ ရက် အထိ နဝင်းနယ်မြေ မာလကာကုန်းရပ်ကွက်မှ အိမ်ခြေ ၁၂၆ လုံး ၊ ဘောဂရပ်ကွက်မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၁၁၉ လုံး ၊ နဝင်း အလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ဝါရုံတာရိုးမှ အိမ်ခြေ ၇၉ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၁၉ လုံး စုစုပေါင်း အိမ်ခြေ ၅၈၀ ရေနစ်မြှုပ်နေသည်။

ဇူလိုင်လ ၁၆ ရက် မနက် ၆ နာရီခွဲ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၂၁ စင်တီမီတာ ရှိပြီး ၊ နေ့လည် ၁၂ နာရီ ခွဲတိုင်းတာရရှိချက်အရ ၂၈၂၃ စင်တီမီတာ ရှိပြီး စိုးရိမ်ရေ အမှတ်  ၂၉၀၀ စင်တီမီတာဖြစ်ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။

“ဒါ ပဏာမ ဆွေးနွေးတာပေါ့။ ဒီရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုတွေ အတွက် လောလောဆယ် prepar လုပ်တဲ့သဘောပဲ”ဟု အမျိုးသားလွှတ်တော်အမတ်   ဒေါက်တာဝင်းမင်းချစ်က   ဆွေးနွေးပွဲအပြီး ပြောသည်။

ဘောဂရပ်ကွက်မှ ရေဘေးသင့် အိမ်ထောင်စု ၃၀ ခန့် သည် နဝင်းချောင်းကူး တံတားချဉ်းကပ် လမ်းကုန်းမြင့် နေရာတွင် ယာယီတဲများထိုးပြီးနေထိုင် ကြပြီး ဝါရုံတာရိုးမှ အိမ်ထောင်စု ၅၃ ခုသည် နဝင်းတာရိုးပေါ်တွင် ယာယီတဲထိုးနေထိုင်လျှက်ရှိသည်။ မာလကာကုန်း ၊ဘောဂ၇ပ်ကွက် ၊ နဝင်းမြောက်ပိုင်း ၊ နဝင်းလယ်မှ အိမ်ထောင်စုများအတွက် ဝါဆိုဘုန်းတော်ကြီးကျောင်းတွင် ရေဘေး ကယ်ဆယ်ရေး စခန်း ဖွင့်ရန်စီစဉ်နေပြီး ရွှေပလ္လင်မှော်အောက်ချိုင့် ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးစခန်းဖွင့်ရန် နေရာမရသေးပေ။

ရွှေပလ္လင်မှော်အောက်ချိုင့်ရပ်ကွက် အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်ရန် အစီအစဉ်နှင့် ပတ်သက်ပြီး ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး အားမေးမြန်းရာ “တိုင်ပင်ပြီးအဖြေပြန်ပေးပါ့မယ်”ဟုသာ ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly