အိုင်အက်စ်ကို ထောက်ခံမှုဖြင့် နာမည်ကြီး အစွန်းရောက်တရားဟောဆရာ အန်ဂျမ် ချောင်ဒရီ လန်ဒန်တွင် တရားစွဲခံရ

အိုင်အက်စ်ကို ထောက်ခံမှုဖြင့် နာမည်ကြီး အစွန်းရောက်တရားဟောဆရာ အန်ဂျမ် ချောင်ဒရီ လန်ဒန်တွင် တရားစွဲခံရ

သတင်းကွန်ရက်များတွင် လှုပ်လှုပ်ရှားရှား ဖြစ်စေမှုကြောင့် လူသိများထင်ရှားသည့် အခြေခံ ဝါဒီ မွတ်စလင် တရားဟောဆရာ အန်ဂျမ် ချောင်ဒရီကို သြဂုတ်လ ၆ ရက်က လန်ဒန်တွင် အိုင်အက်စ် အကြမ်းဖက်အုပ်စုကို ထောက်ခံမှုဖြင့် တရားစွဲဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ဘီဘီစီ၏ သတင်းတစ်ရပ်အရ ချောင်ဒရီနှင့် သူ၏အဖော် မိုဟမ္မတ် မီဇနာ ရာမန်းတို့နှစ်ဦးကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း အွန်လိုင်းတွင် လွှင့်တင်လာသည့် ၎င်းတို့၏ ဟောပြောချက်များအရ အကြမ်းဖက်အုပ်စုအတွက် ရပ်ခံအရေးဆိုမှုဖြင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။ ချောင်ဒရီက ၎င်း၏ ဖေ့စ်ဘွတ်ပရိသတ် ၃၂,၀၀၀ကျော်ထံသို့လည်း အိုင်အက်စ်လိုလားသည့် မက်ဆေ့ချ်များ ပေးပို့ခဲ့ သည်ဟုလည်း စွပ်စွဲထားသည်။

ချောင်ဒရီနှင့် ရာမန်းတို့ နှစ်ယောက်စလုံးကို အိုင်အက်စ်အဖွဲ့ဝင်များ ဖြစ်သည်ဟူသော သံသယဖြင့် ယမန်နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့သေးသော်လည်း နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေး ခဲ့သည်။

သို့ရာတွင် နှစ်ယောက်စလုံးမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် တိုက်ရိုက် ဆက်သွယ်မှုရှိသလား ဆိုသည်မှာမူ ကွဲကွဲပြားပြား မသိရသေးဟု ဆိုသည်။  

ဘီဘီစီ၏ သတင်းပို့ချက်အရ ရုံးတော်တွင် ချောင်ဒရီကို မည်သို့ ထုချေမည်နည်းဟု မေးမြန်း သည့်အခါ ချောင်ဒရီက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ရဲတပ်ဖွဲ့တို့သာလျှင် အပြစ်ရှိသည်ဟု တုန့်ပြန်ဖြေကြား ခဲ့သည်ဟု ဆိုသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ချောင်ဒရီမှာ ယခုအခါ ပိတ်ပင်ခံထားရသည့် အစ္စလာမ်အဖွဲ့အစည်း အယ်လ်မူဟာဂျီရွန်းကို တည်ထောင်မှုဖြင့် ဗြိတိန်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည့်အပြင် အိုင်အက်စ်နှင့် ဆက်သွယ်နေသည့် အဖွဲ့ဝင်များရှိသော အခြားအုပ်စုများနှင့်လည်း ပေါင်းဖော်နေသူ လည်း ဖြစ်သည်ဟု ဆိုသည်။

ချောင်ဒရီ၏ နောက်လိုက်အချို့မှာ အိုင်အက်စ် အကြမ်းဖက်အုပ်စုနှင့် သွားရောက်ပူးပေါင်းနေ ကြပြီ ဖြစ်သည်။ ချောင်ဒရီမှာ ဘီဘီစီနှင့် Sky News တို့တွင် မကြာခဏပေါ်လာတတ်ပြီး ၉-၁၁ တိုက်ခိုက်မှု ကို ထပ်တလဲလဲ ထောက်ခံပြောဆိုလေ့ရှိသူလည်း ဖြစ်သည်။ ဇန်နဝါရီလက လူ ၁၂ ဦး သေဆုံးခဲ့ရသည့် ချာလီဟက်ဘ်ဒို တိုက်ခိုက်မှုတွင်လည်း အကြမ်းဖက်သမားများဘက်မှ ခုခံကာကွယ်ပြောဆိုခဲ့ သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly