ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူ ရေထိန်းတံတားမှ ပြုတ်ကျသွား၍ ရှာဖွေနေ

ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူ ရေထိန်းတံတားမှ ပြုတ်ကျသွား၍ ရှာဖွေနေ
ဓာတ်ပုံ-ကိုတင့်လွင်

မြိတ်၊ ဇူလိုင်- ၁၆ ။           ။ ထားဝယ်မြို့၊ ဇဟာကျေးရွာ၊ ခမောင်းလှ ရေထိန်းတံတားမှ ထားဝယ်မြို့နယ်၊ ဆည်မြောင်းဦးစီးဌာန၏ မြို့နယ်ဦးစီးမှူး ဦးစောရန်လင်းထွန်းသည် ဇူလိုင် ၁၆ ရက် နံနက် ၁၁ ခွဲခန့်က ရေထဲသို့ ပြုတ်ကျသွားသည်ဟု ယူဆရ၍  ရှာဖွေနေကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်ကတည်းက ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိသော်လည်း ညနေ ၅ နာရီခန့် အထိ ရှာ ဖွေမတွေ့ရှိသေးကြောင်း အဆိုပါ ကယ်ဆယ်ရေးနေရာသို့   ရောက်ရှိနေသည့် ဦးတင့်လွင်က မဇ္ဈိမသို့ပြောသည်။

ပြုတ်ကျသွားသည်ဟု ယူဆရသည့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူသည် ယင်းရေထိန်းတံတား၌ ပိတ်ဆို့လျက်ရှိသည့် အမှိုက်များကို ရှင်းလင်းဆောင်ရွက်ရန် အထက်အရာရှိ၏ ညွှန်ကြားမှုဖြင့်   ဆောင်ရွက်နေသည်ကို အနီးအပါးမှ မြင်တွေ့မိသူများရှိကြောင်း ဦးတင့်လွင်၏ ပြောကြားချက်အရသိရသည်။

သို့သော် ယင်းရေထိန်းတံတားနေရာ၌ ဖိနပ်တစ်ရံကိုသာ တွေ့ရှိရပြီး အမှိုက်ရှင်းလင်းဆောင် ရွက်နေသူကို မတွေ့ရှိရသဖြင့် ယခုကဲ့သို့ ကယ်ဆယ်ရေးအနေဖြင့် လိုက်လံရှာဖွေနေရကြောင်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးအနေဖြင့် ဇမ္မူသီရိကယ်ဆယ်ရေးအဖွဲ့ ၊ သဲစုပ်လှေတစ်စီးနှင့် မီးသတ်လှေ တို့ဖြင့် ရှာဖွေ မှုပြုလုပ်လျက်ရှိသော်လည်း ညနေ ၅ နာရီအထိ ထူးခြားမှုမရှိဟု သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းအနေဖြင့် ရေထိန်းတံတားအောက်ဖက် မောင်မယ်ရှောင်ချောင်းနှင့် ထားဝယ် မြစ်ဖက်မှ ဇမ္မူသီရီကယ်ဆယ်ရေးလှေစတင်ဝင်ကာ ချောင်းဝ၌ သဲစုပ်လှေတို့ဖြင့် အရန်သင့် စောင့်ဆိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly