သံလွင်မြစ်ရေ တက်နိုင်ပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ဟု မိုးဇလ သတိပေး

သံလွင်မြစ်ရေ တက်နိုင်ပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ဟု မိုးဇလ သတိပေး
မော်လမြိုင်မြို့ကို ဖြတ်သန်းစီးဆင်းသွားသည့် သံလွင်မြစ်အား တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ဇူလိုင်လ ၁၆ ။               ။ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေသာမက သံလွင်မြစ်ရေသည်လည်း စိုးရိမ်ရေမှတ် မကျော်သေးသော်လည်း အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတိပေးထားသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက် မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေ သည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။

ငဝန်မြစ်ရေသည် သာပေါင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေသော်လည်း အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဖွယ်ရာ ရှိနေသည်။

မြစ်ရေစိုးရိမ်ရေမှတ်များနှင့်ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် (၁၂:၃၀) တိုင်းထွာချက်များအရ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်၊ ဖောင်းပြင်၊ ကနီ၊ မော်လိုက်၊ ကလေးဝ၊ မုံရွာ၊ ငါးသိုင်းချောင်းမြို့တို့တွင်  စိုးရိမ်ရေမှတ်များအထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါ စိုးရိမ်ရေမှတ်ကျော်မြို့များမှ ဧရာဝတီမြစ်ကြောင်းရှိ မြို့များမှာ စိုးရိမ်ရေမှတ်ကျော်လွန်မှုထက် ရေပိုတက်နိုင်ဖွယ်ရာရှိပြီး ချင်းတွင်းမြစ်ရေမှာမူ အကျဖက်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly