မြို့အချို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်နေပြီး ဧရာဝတီမြစ်ရေ ဆက်တက်နိုင်

မြို့အချို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်နေပြီး ဧရာဝတီမြစ်ရေ ဆက်တက်နိုင်

ဇူလိုင်လ ၁၆ ။              ။ မြစ်ရေစိုးရိမ်ရေမှတ်များနှင့်ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၁၆ ရက်၊ မြန်မာစံတော်ချိန် (၁၂:၃၀) တိုင်းထွာချက်များအရ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်၊ ဖောင်းပြင်၊ ကနီ၊ မော်လိုက်၊ ကလေးဝ၊ မုံရွာ၊ ငါးသိုင်းချောင်းမြို့တို့တွင်  စိုးရိမ်ရေမှတ်များအထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါ စိုးရိမ်ရေမှတ်ကျော်မြို့များမှ ဧရာဝတီမြစ်ကြောင်းရှိ မြို့များမှာ စိုးရိမ်ရေမှတ်ကျော်လွန်မှုထက် ရေပိုတက်နိုင်ဖွယ်ရာရှိပြီး ချင်းတွင်းမြစ်ရေမှာမူ အကျဖက်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရသည်။  

ဧရာဝတီမြစ်ရေသည် လက်ရှိ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပခုက္ကူမြို့တွင် (၁)ပေခန့်နှင့် ညောင်ဦးမြို့ တွင် (၂)ပေခန့် ဟင်္သာတမြို့တွင် ပေဝက်ခန့်နှင့် ဇလွန်မြို့တွင် (၁)စင်တီမီတာခန့်   ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် နောက် ၁ ရက်အတွင်း ရေဆက်လက်တက်နိုင်ဖွယ်ရှိပြီး ပခုက္ကူမြို့တွင် (၂)လက်မခန့်နှင့် ညောင်ဦးမြို့တွင် (၃)လက်မခန့် ဆက်တက်နိုင်ဖွယ်ရှိသည်။ ဟင်္သာတမြို့၊ ဇလွန်မြို့တို့တွင်လည်း နောက်(၃)ရက်အတွင်း (၁)ပေခန့် ဆက်တက်နိုင်ဖွယ်ရာ ရှိနေသည်။

မင်းဘူးမြို့နယ် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၁၇၀၀စင်တီမီတာရှပြီး ဇူလိုင်လ ၁၅ရက်တွင် မြစ်ရေမှတ် ၁၅၉၁ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်မှ စတင်ကာ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် ဖလရုံ၊ မန်းကျိုး၊ ထုံးမကြီး၊ရွာသစ်ကုန်း၊ ဆည်ရွာ၊ ငွေသောင်၊နိဗ္ဗာန်ကျွန်းကျေးရွာများတွင်  ဧရာဝတီမြစ်ရေ ဝင်ရောက်လာသောကြောင့် အနိမ့်ပိုင်းရှိ လူနေအိမ်များ ရေဝင်လျက်ရှိသည်။

ထို့ပြင် သတိပြုရန်မှာ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း (၁)ပေခန့် ဆက်လက် တက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ဆက်လက်တက်နိုင် ဖွယ်ရှိနေပြီး နောက်(၃) ရက်အတွင်း (၁)ပေခန့် ဆက်လက် တက်လာနိုင်ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက် မနက် ၆ နာရီခွဲ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၀၅ စင်တီမီတာ ရှိပြီး ၊ နေ့လည် ၁၂ နာရီ ခွဲတိုင်းတာရရှိချက်အရ ၂၈၀၈ စင်တီမီတာ ရှိသည်။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နဝင်းနယ်မြေ ဘောဂရပ်ကွက် နှင့် ရွှေပလ္လင်မှော် အောက်ချိုင့် ရပ်ကွက် နှစ်ခူ မှ အိမ်ခြေ ၁၅၀ ကျော်ရေနစ်မြုတ်နေပြီး ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းအထိ သက်ဆိုင်ရာက ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးပေ။

ချင်းတွင်းမြစ်ရေအနေဖြင့်လည်း လက်ရှိတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဖောင်းပြင်မြို့ တွင် (၁)ပေခန့်နှင့် ကနီမြို့တွင် ပေဝက်ခန့် ၊ မော်လိုက်မြို့တွင် (၅)ပေခန့်၊ ကလေးဝမြို့တွင်(၄)ပေခန့်နှင့် မင်းကင်းမြို့ တွင်(၄)ပေခွဲခန့် နှင့် မုံရွာမြို့တွင် (၂) ပေခန့် ကျော်လွန်နေသည်။

သို့သော် ချင်းတွင်းမြစ်ရေသည် အကျဖက်သို့ရောက်ရှိနိုင်ပြီး နောက်(၁)ရက်အတွင်း ဖောင်းပြင်မြို့၊ ကနီမြို့တွင် စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်ကာ နောက်(၂)ရက်အတွင်း မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် (၃)ပေခန့်စီ ကျဆင်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၁၆ ရက်တွင် ခန့်မှန်းထားသည်။ မုံရွာမြို့တွင်လည်း နောက်(၁)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကြောင်း ခန့်မှန်းရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly