ဗာစကိုဒဂါးမားအသင်းမှ လူငယ်ကွင်းလယ်ကစားသမား ဒေါက်ဂလက်စ်လူးဝစ္စကို မန်စီးတီးခေါ်ယူ

ဗာစကိုဒဂါးမားအသင်းမှ လူငယ်ကွင်းလယ်ကစားသမား ဒေါက်ဂလက်စ်လူးဝစ္စကို မန်စီးတီးခေါ်ယူ

ဇူလိုင် ၁၆၊ အင်္ဂလန် ။                       ။ မန်စီးတီးအသင်းသည် ဗာစကိုဒဂါးမားအသင်းမှ ဘရာဇီးလူငယ်ကွင်းလယ်ကစားသမား ဒေါက်ဂလက်စ်လူးဝစ္စကို ပြောင်းရွှေ့ကြေးပေါင် ၁၀.၇ သန်းဖြင့်   ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် လူးဝစ္စကို မန်စီးတီးအသင်းက ၂၀၂၂ ခုနှစ်အထိ ငါးနှစ်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၀.၇ သန်းဟုဆိုသော်လည်း လူးဝစ္စ၏ခြေစွမ်းအပေါ်မူတည်၍ ပေါင် ၁၄.၁ သန်းအထိ တိုးမြင့်သွားမည် ဖြစ်သည်။

မန်စီးတီအသင်းသည် လူးဝစ္စကို ယခုနှစ်ရာသီတွင် အသုံးပြုဦးမည်မဟုတ်ဘဲ ၎င်းတို့၏မိတ်ဖက်ကလပ် ဂီရိုနာအသင်းသို့ အငှားသွားရောက်ကစားစေမည် ဖြစ်သည်။ ဂီရိုနာအသင်းမှာ စပိန်ကလပ်အသင်းဖြစ်ပြီး ယခုနှစ်ရာသီတွင်မှ လာလီဂါသို့ တန်းတက်ခွင့်ရထားသည့် အသင်းဖြစ်သည်။

မန်စီးတီးအသင်းက လူးဝစ္စကို ခေါ်နိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်းဆိုခဲ့ပြီး လာမည့်ရာသီတွင် ၎င်း၏တစ်နိုင်ငံတည်းသား ဂျီးဆပ်နှင့်အတူ နည်းပြဂွါဒီယိုလာ၏အသင်းတွင် ပထမဦးစားပေးဖြစ်လာရန် မျှော်လင့်လျက်ရှိနေသည်။

မန်စီးတီးအသင်း၏အားကစားဒါရိုက်တာ ဘီဂီရီစတိန်းက ဒေါက်ဂလက်စ်လူးဝစ္စသည် အနာဂတ်တောက်ပနေသည့် လူငယ်တစ်ဦးဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly