ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ဇူလိုင်လ ၂၀ ရက်နေ့ ချင်းမိုင်တွင် အလွတ်တွေ့ဆုံမည်

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ဇူလိုင်လ ၂၀ ရက်နေ့ ချင်းမိုင်တွင် အလွတ်တွေ့ဆုံမည်

ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                    ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် မပစ်မရသေးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံမည် ဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် UNFC ၏ ညီလာခံ ကျင်းပပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ပထမဆုံးအကြိမ် ပြုလုပ်သော အစည်းအဝေးတွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရေး အပါအဝင် ဆုံးဖြတ်ချက် ၁၄ ချက် ချမှတ်ခဲ့သည်ဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက သတင်းထောက်များကို ပြောသည်။ 

“ကျွန်တော်တို့ ဒီတစ်ပတ်က အလွတ်သဘောတွေ့မယ်။ အလွတ်သဘောတွေ့ပြီးမှ နှစ်ဖက် ဘယ်လောက်ညှိလို့ုရလဲ ဆိုတာ အလွတ် သဘောတွေ့ပြီးတော့ ရလာတဲ့ဟာကို သူတို့က ပြန်တင်။ ကျွန်တော်တို့ကလည်း စီအီးစီကို ပြန်တင်ပြီးတော့ ကျွန်တော်တို့ သြဂုတ်လဆန်းမှာ တွေ့ဖို့ စဉ်းစားထားတယ်”ဟုဆိုသည်။

အလွတ်သဘော တွေ့ဆုံမှုတွင် မပြီးပြတ်သေးသော အချက် ၉ ချက်အပေါ် ဆွေးနွေးမည် ဖြစ်သော်လည်း အသေးစိတ်ကို လာမည့် ဇူလိုင်လ ၁၇ ၇က်နေ့ ကျင်းပမည့် DPN အစည်းအဝေး အသေးစိတ် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသ်ည။

အစိုးရဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးကျော်သူရတို့ သုံးဦးတို့ လာရောက်တွေ့ဆုံမည် ဖြစ်ပြီး အလွတ်သဘောတွေ့ဆုံပြီးနောက် လာမည့် သြဂုတ်လဆန်းတွင် တရားဝင် တွေ့ဆုံရန် ညှိနှိုင်းဆွေးနွေးထားသည်ဟု သူက ပြောသည်။

ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းများနှင့် သွားရောက်တွေ့ဆုံရန် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သောအဖွဲ့ သွားရောက် တွေ့ဆုံရန် အစီအစဉ်လည်း သဘောတူ ချမှတ်ခဲ့သည်။

“အဓိကတော့ ကျွန်တော်တို့ အီးအေအိုအချင်းချင်း ဘယ်လို ချိတ်ဆက်ပြီးတော့ ဘယ်လို လက်တွဲပြီးတော့ ပူးပေါင်း ဆောင် ရွက်ကြမလဲ ။အဲဒါကို သွားပြီးဆွေးနွေးကြတာပေါ့၊ ကျနော်တို့ရော သူတို့ရော တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ တိုင်းရင်းသား အခွင့်အရေးကို အတူတကွ လုပ်ဆောင်တဲ့သူပေါ့။ နည်းလမ်းကြောင်းတော့ မတူပေါ့နော် ဒါပေမဲ့ သွားမဲ့ပန်းတိုင်က အတူတူဆိုတော့ ပူးတွဲလုပ်လို့ ရတဲ့ဟာအများကြီးပေါ့နော်” ဟု သူက ပြောသည်။ 

ထို့ပြင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊UNFC ၏ ဌာနဆိုင်ရာ ၆ ခုမှ တာဝန်များနှင့် လုပ်ငန်း စီမံချက်များအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြသလို၊ ENAC နှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တွေ့ဆုံမှုတွင် ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန်မြို့တွင် တရားဝင် တွေ့ဆုံရန် သဘောတူထားသော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ UNFC ညီလာခံ ကျင်းပခဲ့ပြီးနောက် DPN အဖွဲ့ဝင်သစ်များကို ပြန်လည် ဖွဲ့စည်းထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly