အာဖဂန်ရဲစခန်းကို အသေခံဗုံးခွဲ၍ လူအနည်းဆုံးခြောက်ဦးသေဆုံး

အာဖဂန်ရဲစခန်းကို အသေခံဗုံးခွဲ၍ လူအနည်းဆုံးခြောက်ဦးသေဆုံး
Photo - Gandhara.rferl.org

အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အသေခံဗုံးခွဲမှု တစ်ရပ်ဖြစ်၍ ရဲသုံးဦးအပါအဝင် လူခြောက်ဦး သေဆုံးခဲ့သည်။ လိုဂါပြည်နယ် ပူလီအလမ်မြို့တော်တွင်းရှိ ရဲစခန်းဝင်းတစ်ခု သို့ဖောက်ခွဲရေးပစ္စည်း အပြည့် တင်ထားသည့် လော်ရီကားဖြင့် အသေခံဗုံးခွဲခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်မှုကို ကျုးလွန်ခဲ့ကြောင်း တာလီဘန်တို့က ကြေညာသည်။ ယခုတိုက်ခိုက်မှုသည် ခေါင်းဆောင် မူလက်ရှ်အိုမာ သေဆုံးကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ကြေညာပြီးနောက်ပိုင်းတွင် တာလီဘန် စစ်သွေးကြွများ၏ ပထမဆုံး တိုက်ခိုက်မှုတစ်ရပ် ဖြစ်သည်။

“ဗုံးပေါက်ကွဲမှုက တော်တော်လေး ပြင်းထန်တယ်။ မီနီထရပ်ကားနဲ့တင်ပြီးကို ဖော်ခွဲခဲ့တာကြောင့် ပါပဲ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အလိမ်းဖီဒါအီးက ပြောသည်။

“ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုတော်တော်ကြီးတယ်။ တစ်ကီလိုမီတာ အဝေးလောက်က အိမ်တွေ ရဲ့ ပြတင်းတံခါးတွေပါ ကျိုးပဲ့ပျက်စီးကုန်တာပါပဲ” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရသူပေါင်း ၁၃ ဦး အနည်းဆုံးရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။ တာလီဘန်တို့၏ ထုတ်ပြန်ချက်တွင် စစ်တပ်နှင့် ဆက်စပ်အဖွ့ဲအစည်းများကို ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

၎င်းတို့ခေါင်းဆောင် အိုမာသည် မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သည့်အတွက်ကြောင့် သေဆုံးခြင်း ဖြစ်ကြောင်းကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် တာလီဘန်ကြေညာချက် တွင်ဖော်ပြ ထားခြင်း မရှိပေ။

အာဖဂန်အစိုးရက အိုမာသည် လွန်ခဲ့သည့်နှစ်နှစ်က ကရာချိမြို့ဆေးရုံတွင် သေဆုံးသည်ဟု ကြေ ညာထားခဲ့သော်လည်း ပါကစ္စတန်က ငြင်းဆန်ပြီး နိုင်ငံတွင်းမှာပင် ရှိနေဆဲဖြစ်ကြောင်း တုံ့ပြန်ပြောဆို ထားသည်။

အိုမာ၏ နေရာကို လက်ထောက်ဖြစ်သူ မူလက်ရှ်အက်ခါတာ မန်ဆောက ခေါင်းဆောင်အဖြစ် တာ ဝန်ယူထားပြီဖြစ်ကြောင်း တာလီဘန်သတင်းရင်းမြစ်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly