ဖက်ရှင်ဒီဇိုင်နာအမျိုးသားသေဆုံးပြီး ကျူးလွန်သူအမျိုးသား တိုက်ပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွားဟု တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ဖက်ရှင်ဒီဇိုင်နာအမျိုးသားသေဆုံးပြီး ကျူးလွန်သူအမျိုးသား တိုက်ပေါ်မှ ခုန်ချသေဆုံးမှုဖြစ်ပွားဟု တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ဇူလိုင် ၁၅ ။        ။ အလုံမြို့နယ်ရှိ တိုက်ခန်းအတွင်း၌ အိမ်ရှင်ဖက်ရှင်ဒီဇိုင်နာအမျိုးသားမှာ ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးပြီး ကျူးလွန်သူ အမျိုးသားမှာလည်း ၆ လွှာ တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့မှု ယနေ့ဖြစ်ပွားခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ (၆)လွှာတိုက်ခန်းတွင် ခိုက်ရန်ဖြစ်ပွားရာမှ အိမ်ရှင်အမျိုးသားမှာ ထိုးသွင်းဒဏ်ရာများ   ဖြင့်သေဆုံးပြီး ပြစ်မှုကျူးလွန်သူမှာလည်း တိုက်ပေါ်မှခုန်ချ၍ ဒဏ်ရာများဖြင့်သေဆုံး သွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က အခင်းဖြစ်တိုက်ခန်းအနီးတွင်နေထိုင်သူမှ ရန်ဖြစ်သံများကြားရကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ တက်ရောက်ကြည့်ရှုစဉ် အခန်းသံပန်းတံခါးမှာ သော့ခတ်ထားလျက်တွေ့ရှိပြီး အခန်းအတွင်း၌ လူငယ်တစ်ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ အဆိုပါလူငယ်မှ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်းပြောပြီး အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးမည်ဟုပြောဆိုနေစဉ် ၆ လွှာ ပြူတင်းပေါက်မှ ခုန်ချသွားခြင်းဖြစ်သည်။

ခုန်ချသူ အမျိုးသားမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နေ နေမင်း(ခ)နေနေ၊ (၂၀)နှစ်ဖြစ်ကြောင်း၊ ၎င်းထံမှ HUAWEI နှင့် Oppo အမျိုးအစားလက်ကိုင်ဖုန်း(၂)လုံး၊ (၅၀၀၀)ကျပ်တန်ငွေစက္ကူ (၉၂)ရွက်၊ (၂၀၀)ကျပ်တန်(၁)ရွက်၊ (၅၀)ကျပ်တန်(၁)ရွက်တို့ကို တွေ့ရှိခဲ့ပြီး Oppo လက်ကိုင်ဖုန်းမှာ အိမ်ရှင်ဖြစ်သူ ဦးထွန်းထွန်းထူး၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ခုန်ချသူ သိကျွမ်းခြင်းရှိမရှိ မသိရသေးသော်လည်း ခုန်ချသူတွင် ကျပ် ၄ သိန်းကျော်နှင့် အိမ်ရှင်သေဆုံးသူ လက်ကိုင်ဖုန်းကိုပါ အတူတွေ့ရှိရခြင်းဖြစ်သည်။

တိုက်ခန်းအတွင်းဝင်ရောက်ကြည့်ရှုစစ်ဆေးရာ နောက်ဖေးခန်း၌ အိမ်ရှင်ဖြစ်သူ ဦးထွန်းထွန်းထူး၊ (၄၀)နှစ်မှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းမှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

တိုက်ပေါ်မှခုန်ချသူ နေမင်း(ခ)နေနေမှာ ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ၁၁း၃၀ အချိန်တွင်သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလုံမြို့မရဲစခန်း(ပ)၁၉၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယနေ့ ည ၉ နာရီခွဲခန့်တွင် ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly