နောင် ၅နှစ်တွင် မိုးညှင်းမြို့နယ်ရှိ မိသားစုများ ဝင်ငွေ ၂၀ % တိုးရမည်ဟု ဆို

နောင် ၅နှစ်တွင် မိုးညှင်းမြို့နယ်ရှိ မိသားစုများ ဝင်ငွေ ၂၀ % တိုးရမည်ဟု ဆို

မိုးညှင်း ဇူလိုင် ၁၄ ။         ။ နောင် ၅နှစ်ကြာသောအခါ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်းရှိ ပြည်သူလူထု၏ မိသားစုဝင်ငွေ ၂၀% တိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် အသေးစား အလတ်စား ဝင်ငွေတိုးလုပ်ငန်းများကို မြှင့်တင်ပေးသွားရန် စနစ်ကျသည့် စီမံကိန်းကို ရေးဆွဲပြီးဖြစ်ကြောင်း အသက်မွေးဝမ်းကြောင်း နှင့် စားနပ်ရိက္ခာဖူလုံမှုရန်ပုံငွေအဖွဲ့မှ သိရသည်။

 '' ကျွန်တော်တို့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို ၂၀၁၆ ဇွန်လက စတင်ရေးဆွဲခဲ့ပါတယ်။ ကျေးရွာအဆင့်က စတင်ရေးဆွဲလာတဲ့ စီမံကိန်းတွေကို မြို့နယ်မှာ စုစည်းတင်ပြပြီး အကောင်အထည်ဖော်တဲ့   နေရာမှာ ဘယ်လိုအခက်အခဲတွေရှိသလဲ၊ သက်ဆိုင်ရာဌာနတွေရဲ့ ပေါ်လစီပိုင်းဆိုင်ရာ အဟန့်အတားရှိနေသလားဆိုတာရယ် ပြီးတော့ ကျေးလက်ကမမြင်တဲ့ သူတို့အတွက် တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနဆီက အကြံပြုပေးတာတွေကို ကျေးလက်ကရေးဆွဲလာတဲ့ စီမံကိန်းအပေါ်အခြေခံပြီး မြို့နယ်အဆင့် စီမံကိန်းတွေ ဖြစ်လာအောင် အကောင်အထည်ဖော်   ဆောင်ရွက်နေပါတယ်'' ဟု အထက်ပါဌာနမှ နည်းပညာအကြံပေး ဦးအောင်အောင်က ဆိုသည်။

ကျေးလက်မှ တင်ပြလာသည့် စီမံကိန်းများသည် သက်ဆိုင်ရာဌာနများ၏ မူဝါဒနှင့် ကိုက်ညီမှု မရှိပါက ညှိနှိုင်း၍ အကောင်အထည်ဖော်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် လွန်ခဲ့သောလ တစ်လလုံး ဆွေးနွေးပြီး ဖြစ်သည်ဟု သိရသည်။

'' ဒေသက ဖြစ်ချင်တဲ့ ဆန္ဒထက် မဖြစ်မနေလုပ်ရမဲ့ကိစ္စကိုပဲ ဆောင်ရွက်ပါတယ်။ ရွာတိုင်း ရွာတိုင်းက ကျန်းမာရေးဌာနလိုချင်ပေမဲ့ ရွာတိုင်းကိုတော့ မပေးနိုင်သေးပါဘူး။ ရွာသူရွာသားတွေကို ထိထိမိမိ အ
ကူအညီပေးနိုင်ဖို့  သက်ဆိုင်ရာဌာနတွေရဲ့ မူဝါဒနဲ့ ညှိနှိုင်းဆောင်ရွက်ပါတယ်''ဟု ဦးအောင်အောင် က ဆိုသည်။

ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့်လူမှုအခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးခြင်း ဖြင့် နောင် ၅ နှစ်ကြာသောအခါ ဤဒေသ၏ လူနေမှုဘဝ အဆင့်အတန်းမြှင့်မားနေပြီးဖြစ်ရန်လည်း စီမံကိန်း မူကြမ်း ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေးဆွဲပြီးသည့် မြို့နယ်အဆင့်ကျေးလက်ကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းမူကြမ်းကို စီစစ် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလှိုင်လ ၁၄ ရက် ၊ နံနက် ၉ နာရီတွင် မိုးညှင်းမြို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ TPIC  က နောင် ၅နှစ်အတွက်  ရည်မှန်းချက်ပန်းတိုင်  ၄ ခု ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

“ကျေးရွာရဲ့လူထုအသံပါတဲ့ စီမံကိန်းကို သက်ဆိုင်ရာဌာနရဲ့ဘတ်ဂျက်နဲ့အကောင်အထည်ဖော်မဲ့ လုပ်ငန်းစဉ်တစ်ခုကို နေပြည်တော်က ချမှတ်ရာမှာ မိုးညှင်းမြို့ကို Pilot အနေနဲ့ စက်တင်ဘာလမှာ စတင်မယ်လို့ လျာထားတယ် ဆိုပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ သည်မြို့ကို ပထမဆုံး Pilot အနေနဲ့ စတင်မှာပါ '' ဟု Developmend Planner ဦးအောင်အောင်က ပြောသည်။

၅ နှစ်တာ ဤ စီမံကိန်းကို ထွေအုပ် ၊ စီမံကိန်းရေးဆွဲရေး၊  ကျေးလက်ဌာနတို့ပါဝင်သည့် TPIC ၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ရေးဆွဲထားသည့် စီမံကိန်းများကို   ပြန်လည်သုံးသပ်ခြင်း၊ သင်ခန်းစာယူခြင်း၊ စစ်ဆေးခြင်းဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly