ရန်ကုန်တိုင်းအတွင်းရှိ မ.ဘ.သ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းမဟုတ်ဘဲ အသစ်လဲတပ်ဟု မဘသ ဦးဆောင်ဆရာတော်မိန့်ကြား

ရန်ကုန်တိုင်းအတွင်းရှိ မ.ဘ.သ ဆိုင်းဘုတ်များ ဖြုတ်သိမ်းခြင်းမဟုတ်ဘဲ အသစ်လဲတပ်ဟု မဘသ ဦးဆောင်ဆရာတော်မိန့်ကြား

ရန်ကုန်၊ ဇူလိုင် ၁၅ ။           ။ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းရှိ မ.ဘ.သ ဆိုင်းဘုတ်များကို ယနေ့နောက်ဆုံးထား အသစ်လဲတပ်ကြောင်းသိရသည်။

မဘသအနေဖြင့် ဆိုင်းဘုတ်များကို ဖြုတ်သိမ်းခြင်းမဟုတ်ဘဲ အသစ်လဲတပ်ခြင်းဖြစ်ကြောင်း  ယခင် မ.ဘ.သ ယခု ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်း (ဗဟို) မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဒေါက်တာသောပါက က မိန့်သည်။

“ ဖြုတ်တာမဟုတ်ဘူး အသစ်လဲတပ်တာလေ။ လဲသလား၊ မလဲသလားဆိုတာ လဲတဲ့သူရှိသလို မလဲတဲ့သူလည်းရှိနေတာပဲလေ ။ ဘယ်နေရာလဲမယ် ဘယ်နေရာလဲဘူးဆိုတာ သူတို့သဘောမူတည်တာပေါ့ “ ဟု မိန့်သည်။

“မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက် ယနေ့ နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန်"  မဟနမှ ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ တချို့နေရာများတွင် မ.ဘ.သ ဆိုင်းဘုတ်အစား ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်များနေရာတွင် ဆိုင်းဘုတ်အသစ်တပ်ဆင် နေခြင်းလည်းဖြစ်သည်။

မဟန မှညွှန်ကြားထားသည့်အတိုင်း မ.ဘ.သ ဆိုင်းဘုတ်များကို ယနေ့ (ဇူလိုင် ၁၅) နောက်ဆုံး အသစ်လဲရန် ယခင်ကတည်းကအ ကြောင်းကြားထားပြီးဖြစ်ကြောင်း ဆရာတော် ဒေါက်တာသောပါက မိန့်ကြားသည်။

သို့သော်လည်း တချို့နေရာများတွင် ဆိုင်းဘုတ်ဖြုတ်လဲခြင်း၊ မလဲခြင်းမှာ ကာကကံရှင်များ၏ သဘောသာဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

မဟန ၏ဆုံးဖြတ်ချက်အတိုင်း ယနေ့ (ဇူလိုင် ၁၅) နောက်ဆုံးထား မ.ဘ.သ ဆိုင်းဘုတ်များကို ဖြုတ်လဲခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနက သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူ မည်ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့က ဓမ္မစက်နဲ့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ အာဏာစက်နဲ့ဆောင်ရွက်တဲ့အပိုင်းကတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက လုပ်ထုံးနဲ့အညီဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ် “ ဟု သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကပြောသည်။

သို့သော် မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် မ.ဘ.သ အဖွဲ့တို့အနေဖြင့် မ.ဘ.သ အမည်ကို ပြောင်းလဲမည် မဟုတ်သည့်အပြင် မ.ဘ.သ အမည် ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ကြီးသည် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ သံ/ စည်း/ လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင် ငြိစွန်းခြင်းမရှိသောကြောင့် “ မဘသ" အဖွဲ့ဟုသာ ဆက်လက်ခေါ်ဆိုကြမည်ဖြစ်ကြောင်း ကရင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မ.ဘ.သ ဆိုင်းဘုတ်များကို အကြမ်းဖက်ဖြိုခွင်းလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြသာနာများသည် အစိုးရမှာသာလျင် တာဝန်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မ.ဘ.သ အဖွဲမှ လည်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly