အင်းစိန်ထောင်တွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးက လွတ်ငြိမ်းချမ်းသာခွင့် ပေးစေလို

အင်းစိန်ထောင်တွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးက လွတ်ငြိမ်းချမ်းသာခွင့် ပေးစေလို

ရန်ကုန်၊ ဇူလိုင် ၁၅ ။           ။ အင်းစိန်အကျဉ်းထောင်အတွင်း အကျဉ်းကျခံရင်းမှ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား(၉)ဦး နှင့် စာပေသင်ကြားပေးခဲ့တဲ့ ဆရာများရှိရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အင်းစိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရဆဲ ကျောင်းသားတစ်ဦးက အစိုးရသို့ တောင်းဆိုခဲ့သည်။

"ကျွန်တေ်ာတို့ ဘဝကို စာနာထောက်ထားပြီတော့ ကျွန်တော်တို့လည်း လိမ္မာနေပါပြီလို့။ ကျွန်တော်တို့ ဒီအကျဉ်းထောင်ကို၊ ကျွန်တော့အနေနဲ့ပြောရရင် အကျဉ်းထောင်ဆိုတဲ့ စကားလုံးကို မသုံးချင်တော့ပါဘူး။ အမှားပြုပြင်ရေးဌာနလို့ သုံးချင်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း နောင်တတွေရနေကျပါပြီ။ ကျွန်တော့သူငယ်ချင်းတွေအားလုံးကလည်း ဒီအချိန်မှာအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ အိမ်ပြန်နိုင်ဖို့ပါပဲ။ အဲဒီအတွက် အထက်လူကြီးတွေကိုလည်း တတ်နိုင်ရင် ကျွန်တေ်ာတို့က သနားညှာတာသောအားဖြင့် လွှတ်ငြိမ်းချမ်းသာလေး ပေးစေချင်ပါတယ်။   မျှော်လည်း မျှော်နေပါတယ်"ဟု   ဘောဂဗေဒဂုဏ်ထူးရ ကျောင်းသား ရဲထွဋ်အောင်က ပြောသည်။

အဆိုပါ ကျောင်းသား ရဲထွဋ်အောင်သည် ၂၀၁၄ ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

ယနေ့ ဇူလိုင်လ၁၅ရက်နေ့တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသား(၉)ဦး နဲ့ စာပေသင်ကြားပေးခဲ့တဲ့ ဆရာ ဆရာမတွေကို အင်းစိန်ဗဟိုအကျဉ်းထောင် မိုးလုံလေလုံ အားကစားရုံခန်းမမှာ ဂုဏ်ပြုပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး  ယင်းပွဲမှာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားအများစုသည် မူးယစ်ဆေးဝါးမှုနှင့် ပြစ်ဒဏ်ကျခံနေရပြီး   ပြင်ပမှ ကျောင်းဆရာအချို့သည်လည်း   ပြစ်ဒဏ်ကျခံနေရသည်။

အဆိုပါဂုဏ်ပြုပွဲတက်ရောက်ခဲ့သော မောင်ထွန်းထွန်းဝင်း က ဆရာတွေကိုပါ လွှတ်မြောက်စေချင်ကြောင်း ပြောသည်။

"ဆရာတွေအားလုံးပဲ အမြန်လွှတ်လာပါစေ။ပြီးတော့ နေကောင်းပါစေလို့လဲ ဆုတောင်းပါတယ် ခင်ဗျ။"ဟု မောင်ထွန်းထွန်းဝင်းကပြောသည်။

၎င်းသည် ပြစ်ဒဏ်ကျ အကျဉ်းသားဟောင်းတစ်ယောက်ဖြစ်ပြီး ပြစ်ဒဏ်စေ့ကာ လွတ်မြောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား (၂၇)ဦးအနက်  (၉)ဦးအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းကျနေပေမယ့် စိတ်ဓါတ်မကျတဲ့အတွက် ကျောင်းသားတွေအတွက် ပီတီဖြစ်ရတယ်”ဟု  အင်းစိန်အကျဉ်းထောင်တွင် လာရောက် စာလာသင်ကြားပေးနေသော အငြိမ်းစားကျောင်းအုပ်ဆရာမကြီး   ဒေါ်နွယ်နွယ်တင်က ပြောသည်။

"ကလေးတွေက ကြိုးစားအားထုတ်မှုရှိတယ်။ အကျဉ်းကျနေသော်လည်း သူတို့သည် စိတ်ဓါတ်ခိုင်မာတယ် ဆိုတာကို တွေ့ရတဲ့အတွက် ကျွန်မတို့တွေလည်း အားကြိုးမာန်တက် သင်ကြားပေးရတာဖြစ်တဲ့ အတွက် ပိုပြီးတော့ ပီတိဖြစ်ရပါတယ်။" ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်တင်က ပြောသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်၊ အင်းစိန်ထောင် သာမက မန္တလေး၊ အိုးဘိုအကျဉ်းထောင် မှ ကျောင်းသား(၁၁)ဦး ဝင်ရောက်ဖြေဆိုပြီး (၇)ဦး အောင်မြင်ခဲ့သည်။ တစ်ဘာသာဂုဏ်ထူးရှင် သုံးဦးနှင့်  သုံးဘာသာဂုဏ်ထူးရှင်တစ်ဦးပါဝင်ကာ အသက်၁၉နှစ်အရွယ် သုံးဘာသာဂုဏ်ထူးရှင်မရွှန်းလဲ့ဝေသည်လည်း မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ် ၁၀နှစ်ကျခံနေရသည်။

၂၀၁၇ ခုနှစ် မေလ၂၃ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်အရ နိုင်ငံရေးအကျဉ်းသား (၁၈၆) ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မ(က)အရ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်   ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly