အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်တန်းမှ ရှေ့ပြေးကားနှင့် လိုင်စင်မဲ့ကားတစ်စီး နေပြည်တော်တွင် ဝင်တိုက်

အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်တန်းမှ ရှေ့ပြေးကားနှင့် လိုင်စင်မဲ့ကားတစ်စီး နေပြည်တော်တွင် ဝင်တိုက်
အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ လိုင်စင်မဲ့ကားတွေ အများအပြားရှိနေတယ်လို့ လူမှုကွန်ယက်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။(ဓာတ်ပုံ- HLa Moe ဖေ့စ်ဘွတ်မှ)

နေပြည်တော်(ဇူလိုင် ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ အရေးကြီးပုဂ္ဂိုလ်စီးလာသည့် ယာဉ်တန်းမှ ရှေ့ပြေးကားနှင့် လိုင်စင်မဲ့ကားတစ်စီးတို့ ဇူလိုင် ၁၃ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည်။

“ဒုသမ္မတကြီး ပုဂံခရီးစဉ်လမ်းကြောင်းကို ကျွန်တော်တို့က ရှေ့ကနေ ပွိုင့်ဆွဲတာ။ ပွိုင့်ဆွဲတဲ့အချိန်မှာ ညာဘက် ယာဉ်ကြောကလာတဲ့ကားက ဂငယ်ကွေ့ ကွေ့ပြီးတော့မှ ကျွန်တော်တို့ရှေ့ ကန့်လန့်ခံတယ်။ ဘယ်လို ရည်ရွယ်ချက် ရှိလဲတော့ မသိဘူး။ အဲ့လို ကန့်လန့်ခံတော့ ကျွန်တော်တို့က ဘယ်လိုမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသွားတာ” ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ မရှိသော်လည်း တစ်ဖက်မှ မောင်းနှင်လာသည့်ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး လိုင်စင်များကိုလည်း အတုပြုလုပ်ထားမှုကြောင့် ပုဒ်မ ၂ခုဖြင့် တရားစွဲဆို အရေးယူထားသည်ဟု ရဲမှူးကြီးက ဆိုသည်။

“လိုင်စင်မဲ့ကားပါ။ လောလောဆယ်တော့ သူ့ကို သွင်းကုန်၊ ထုတ်ကုန်ဥပဒေ ပုဒ်မ(၈)နဲ့လည်း အရေးယူထားတယ်။ နောက်တစ်ခါ သူက အတုတွေလုပ်ထားတာလည်း ရှိတယ်။ လိုင်စင်တို့၊ ဝှီးတက်တို့ အတုလုပ်ထားတာ” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

လက်ရှိတွင် အဆိုပါ လိုင်စင်မဲ့ကား မောင်းနှင်သူအား ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းတွင် ရမန်ယူပြီး အချုပ်ခန်းတွင် ထားသည်။

အဆိုပါ ဖြစ်စဉ်မျိုး နေပြည်တော်တွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်းလည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်သည် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၏ ယာဉ်တန်းမှ ရှေ့ပြေးကားနှင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly