YBS ​၂၅ ယာဉ်​တိမ်​း​မှောက်​မှုအတွက် YRTAမှ အ​ရေးယူရန်​ရှိ

YBS ​၂၅ ယာဉ်​တိမ်​း​မှောက်​မှုအတွက် YRTAမှ အ​ရေးယူရန်​ရှိ
ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ မော်တော်ကားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ဓာတ်ပုံ  - မျိုးမင်းသန်း

ရန်ကုန်၊ဇူလိုင်၁၅ ။             ။ YBS၂၅ ဘတ်စ်ကားတိမ်းမှောက်ခဲ့မှုအတွက် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောသည်။

"အဲဒီအမှုကို ကျွန်တော်တို့ အစဆုံးလိုက်နေတယ်ဆိုတော့လေ လုပ်မှာ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ  အတွင်းရေးမှူးဒေါက်တာမောင်အောင်ကဆိုသည်။

သို့သော် YBS၂၅ကို မည်သို့အရေးယူမည်ဖြစ်သည်ကို YRTA မှ ပြောဆိုထားခြင်းမရှိသေးကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ သိရသည်။

"အဲ့ဒါတော့ကျွန်တော်တို့မသိရသေးဘူးဗျာ ။ သူတို့ညွှန်ကြားချက်ကတော့ အရှိန်ပြင်းမောင်းတာတို့၊ ပြိုင်မောင်းတာတို့ဆိုရင် ယာဉ်မောင်းကိုရာသက်ပန်ထုတ်ပယ်တယ်"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်အောင်မိုးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါယာဉ်မောင်းအား ဒဂုံမြောက်ပိုင်းမြို့မရဲစခန်းသို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ သွားရောက်အပ်နှံပေးထားပြီး ရဲစခန်းမှရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇/ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားသည်။

အရေးယူဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ "၂၅ ဖြစ်မှ ၂၅ကို စည်းကမ်း လိုက်နာခိုင်းတာမျိုး ၊ ဟိုTUက အမ ဆုံးတော့မှ အဲTUဖက်သွားတဲ့ယာဉ်လိုင်းကို သေချာလုပ်ပေးတာမျိုးတွေ မလိုချင်ပါဘူး။ အဲဒါတွေ အသက်တွေ မရင်းချင်ဘူး"ဟု အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကျောင်းသားတစ်ဦးဖြစ်သည့် မအေးနန္ဒာဇင်မြင့်က ဆိုသည်။

ဖြစ်စဉ်မှာ ဇူလိုင်၁၃ရက်နေ့ ၊ ညနေ၄နာရီဝန်းကျင်တွင် တောင်မြောက်လမ်းဆုံအနီး၌ ချိုင့်ကိုရှောင်ရာမှ YBS၂၅ ဘတ်စ်ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ဒဂုံတက္ကသိုလ်ကျောင်းသား၁ဦး ၊ ကျောင်းသူ ၆ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်၁၃ ရက်ညက ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦးမှာ ဆေးရုံမှဆင်းသွားပြီး ကျောင်းသူ ၅ ဦးကျန်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ ဦးတင်အောင်မိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly