အကျဉ်းကျခံ တရုတ်နိုဘယ်ဆုရှင်၏ ရုပ်အလောင်းအား မီးသဂြိုဟ်

အကျဉ်းကျခံ တရုတ်နိုဘယ်ဆုရှင်၏ ရုပ်အလောင်းအား မီးသဂြိုဟ်

ပေကျင်း၊ ဇူလိုင် ၁၅ ။           ။ ယခုသီတင်းပတ်အတွင်း ကွယ်လွန်ခဲ့သည့် အကျဉ်းခံနိုဘယ်ဆုရှင် လျူရှောက်ဘို၏ ရုပ်အလောင်းကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် မီးသဂြိုဟ်သည်။

လျူသည် အသည်းကင်ဆာကို ဆိုးဝါးစွာခံစားနေခဲ့ရာတွင် ၎င်း၏ ဆန္ဒအတိုင်း ပြည်ပတွင် သွားရောက်ကုသခွင့် မပေးသည့်အတွက် တရုတ်နိုင်ငံအား နိုင်ငံတကာက ဝေဖန်လျက်ရှိနေစဉ် ဇူလိုင် ၁၃ ရက်က တရုတ်အရှေ့မြောက်ပိုင်း ရှန်နင်းမြို့ဆေးရုံတွင်  အသက် ၆၁  နှစ်၌ ကွယ်လွန်ခြင်းဖြစ်သည်။

လျူအား မီးသဂြိုဟ်သည့် နာရေးအသုဘသို့ မိသားစုနှင့် မိတ်ဆွေများ တက်ရောက်ကြောင်း မြို့အုပ်ချုပ်ရေးရုံးက ပြောသည်။

တရုတ်နိုင်ငံက အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်သည့် လျူ၏ နာရေးသို့ လိုက်ပို့သည့် ဇနီးနှင့် အခြားမိသားစုဝင်များကို အာဏာပိုင်များက အနီးကပ်စောင့်ကြပ်နေခဲ့သည်။

လျူသည် အသည်းကင်ဆာကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ ဇူလိုင် ၁၃ ရက်က သေဆုံးခြင်းဖြစ်သည်။ ၎င်းအား နိုင်ငံတော် သစ္စာဖောက်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရစဉ် ကွယ်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်ပအစိုးရများနှင့် လျူကို ထောက်ခံသူများက လျူနှင့် နေအိမ်အကျယ်ချုပ် ကျနေသူ ဇနီးဖြစ်သူတို့အား ပြန်လွှတ်ကာ ပြည်ပတွင် သွားရောက်ဆေးကုသမှုကို ခွင့်ပြုရန် တရုတ်အား တိုက်တွန်းတောင်းဆိုသော်လည်း ယင်းတောင်းဆိုချက်များကို တရုတ်က မျက်ကွယ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly