ဝင်ဘယ်လ်ဒန် အမျိုးသားတင်းနစ် ဗိုလ်လုပွဲတွင် ဖက်ဒါရာနှင့် မာရင်စီလစ်တို့ တွေ့ဆုံ

ဝင်ဘယ်လ်ဒန် အမျိုးသားတင်းနစ် ဗိုလ်လုပွဲတွင် ဖက်ဒါရာနှင့် မာရင်စီလစ်တို့ တွေ့ဆုံ
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၇ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ နာမည်ကြီး ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာနှင့် ခရိုအေးရှားမှ မာရင်စီလစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ကို ဇူလိုင်လ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

သောကြနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမပွဲစဉ်တွေမှာ ဖက်ဒါရာက ချက်တင်းနစ်ကစားသမား သောမတ်စ်ဘာဒက်ချ်ကို ၇-၆၊ ၇-၆၊ ၆-၄ ဖြင့် ပွဲငယ်သုံးပွဲပြတ် အနိုင်ယူခဲ့ပြီး တဘက်မှာ မာရင်စီလစ်က အမေရိကန် တင်းနစ်သမား ဆမ်ကာရေးကို ၆-၇(၆-၈)၊ ၆-၄၊ ၇-၆(၇-၃)၊ ၇-၅ ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ အသီးသီး တက်ရောက်ခဲ့ပါတယ်။

ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ အမြင့်ဆုံး ကွာတားဖိုင်နယ်သာ ရောက်ရှိခဲ့ဖူးသူ အသက် ၂၈နှစ် စီလစ်ဟာ ယခုအခါ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီး ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲ အောင်မြင်မှုအဖြစ် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ၂၀၁၄ ခုနှစ်က ရရှိထားပါတယ်။

ဆွစ်ဇာလန်တင်းနစ်ကစားသမား ဖက်ဒရာအနေနဲ့ ဝင်ဘလယ်လ်ဒန်မှာ ဗိုလ်လုပွဲ (၁၀)ကြိမ် တက်ရောက်ခဲ့ပြီး ချန်ပီယံဆု (၇) ကြိမ်အထိ ရရှိထားကာ စံချိန်တင် သမိုင်းမှတ်တမ်းသစ်ထပ်ထိုးဖို့ ရှိနေပါတယ်။

ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ဇူလိုင်လ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ် (ဗီးနပ်စ်ဝီလျံနဲ့  မူဂူရူဇာ)ကိုတော့ ဇူလိုင်လ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly